close

ချီလီနယ်စပ်

close

February 21, 2022

ရွှေ့ပြောင်းနေထိုင်သူများ တရားမဝင်ဖြတ်ကျော်မှု ထိန်းချုပ်ရန် ချီလီနယ်စပ်တွင် ကင်းလှည့်

ချီလီနဲ့ ဘိုလီးဗီးယားနယ်စပ်မှာ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာမယ့် ရွှေ့ပြောင်းနေထိုင်သူ ဦးရေ တိုးလာနေတာကို ဟန့်တားဖို့ ကြိုးစားတဲ့အနေနဲ့ ချီလီအာဏာပိုင်တွေ ပိုတိုးကင်းလှည့်နေရပါတယ်။

နယ်စပ်ဖြတ်ကျော် လှုပ်ရှားမှုတွေကို စည်းကြပ်မယ့် လူဝင်မှုကြီးကြပ်ရေးဥပဒေသစ်ကို ချီလီအစိုးရက အသက်သွင်းအပြီး သီတင်းပတ် တပတ်အကြာမှာ ခုလို ကင်းလှည့်တာပါ။

သင့်တော်တဲ့ စာရွက်စာတမ်းမပါတဲ့ ရာချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လတ်တလော ရက်တွေမှာ ဖမ်းခဲ့ပြီး နယ်စပ်ဖြတ်ကျော် ပြန်ပို့ခဲ့ရတယ်လို့ ဒေသန္တရအရာရှိတွေက ပြောပါတယ်။

နယ်စပ်မှာ ကင်းလှည့်တာဟာ လူကုန်ကူးမှုလိုမျိုး ရာဇဝတ်မှုတွေကို ဖြေရှင်းဖို့ပါ အကူအညီရတယ်လို့ အရာရှိတွေက ပြောပါတယ်။

လတ်တလော သီတင်းပတ်တွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ချီလီနိုင်ငံသားတွေကြား ဆက်ဆံရေး တင်းမာခဲ့တာပါ။

ရွှေ့ပြောင်းနေထိုင်သူတွေက အများပြည်သူဆိုင်ရာ နေရာတွေမှာ ယာယီတဲတွေစခန်းတွေ ဆောက်ခဲ့လို့ ဒေသခံတွေနဲ့ ပဋိပက္ခ ဖြစ်ခဲ့ပါတယ်။

အသစ်ရောက်လာသူတွေကြောင့် ရာဇဝတ်မှုတိုးလာတယ်လို့ ဒေသခံတချို့က အပြစ်တင် ပြောဆိုပါတယ်။

မနှစ်က နှောင်းပိုင်းမှာ ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ ရွှေ့ပြောင်းနေထိုင်မှုနဲ့ ရာဇဝတ်မှု တွေက မဲရှင်တွေ ကြီးကြီးမားမား စိုးရိမ်ရာနယ်ပယ် ဖြစ်ခဲ့ပါတယ်။

အဲဒီရွေးကောက်ပွဲမှာ အသက် ၃၅ နှစ်အရွယ် ဆန္ဒပြ ကျောင်းသားခေါင်းဆောင်ဟောင်း လက်ဝဲဝါဒီအမတ်ဖြစ်သူ ဂဘရီရယ်ဘိုရစ်ခ်က အနိုင်ရခဲ့ပြီး မတ်လမှာ သမ္မတ ဖြစ်လာပါတယ်။

14 mins Ago

January 30, 2022

ချီလီနယ်စပ်၌ အာဂျင်တီးနားကုန်တင်ကားများ ပိတ်မိ

ကိုဗစ်-၁၉  ကူးစက်လှိုင်းနဲ့ နောက်တကြိမ် ကြုံနေရတဲ့ ချီလီနိုင်ငံက နယ်စပ်ဂိတ်တွေကို တင်းကြပ်ထားတာကြောင့် အာဂျင်တီးနားက ကုန်တင်ကားတွေ ထောင်နဲ့ချီပြီး ချီလီနဲ့ နယ်စပ်မှာ ပိတ်မိနေပါတယ်။ 

ဇန်နဝါရီ ၁ ရက်ကစလို့ ကုန်တင်ကား ၃ ထောင်ကျော်ဟာ မန်ဒိုဇာမြို့က ခရစ္စတိုရတ်ဒန်တို စစ်ဆေးရေးဂိတ်မှာ ပိတ်မိနေတာပါ။ 

ကားတန်းရှည်ကြီးဖြစ်လို့ ကားဒရိုင်ဘာတွေ ကိုဗစ်-၁၉ စစ်ဆေးဖို့ရော၊ ကုန်ပစ္စည်းတွေ စစ်ဆေးရေးအတွက်ပါ အချိန်ကြန့်ကြာနေတာပါ။ 

အချိန်ကြာလာတာနဲ့အမျှ အအေးခန်းလိုတဲ့ တချို့ကုန်ပစ္စည်းတွေအတွက်လည်း ၂၄ နာရီပတ်လုံး အအေးခန်းကို စက်ဖွင့်ပေးထားရပါတယ်။ 

ကုန်တင်ကားမောင်းသူတွေဟာ သူတို့မှာ ပါလာသမျှတွေ ချက်ပြုတ်စား သောက်နေကြရပြီး ရေတခါချိုးဖို့လည်း ၃ ဒေါ်လာ ကုန်ကျနေတာကြောင့် စိတ်ပျက်နေကြပါတယ်။

ချီလီနိုင်ငံ မြောက်ပိုင်းနယ်စပ်မှာလည်း ဒီလိုပြဿနာမျိုးနဲ့ပဲ ကြုံနေရတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

3 weeks Ago
Up