မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့နဲ့အောင်သာယာကျေးရွာကြားမှာ စက်တင်ဘာ ၂၈ ရက်နေ့ ည ၆ နာရီလောက်က စစ်ကောင်စီယာဉ်တန်းကို ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
သံဖြူဇရပ်မြို့နယ်ကနေ ရေးမြို့နယ်ထဲကို ဖြတ်သန်းလာတဲ့ ကား ၄ စီးပါ စစ်ကောင်စီယာဉ်တန်းကို မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့တာပါ။
စစ်ယာဉ်တန်း ချုံခိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီယာဉ်တန်း ချုံခိုတိုက်ခိုက်မှုမှာတော့ မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထိခိုက်မှု တစုံတရာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတွေ အဆိုအရ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် သေနတ်သံတွေ ဆက်တိုက်ထွက်ပေါ်တာ ကြားရပေမယ့် ထိခိုက်သေဆုံးမှု အခြေအနေ မသိရဘူးလို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာ ၂၉ ရက်နေ့မှာ မနက်ပိုင်းမှာတော့ ပုံမှန်အတိုင်း သွားလာမှုတွေ ဆက်ရှိနေပြီး စစ်ကောင်စီဘက်က ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေလည်း မတွေ့ရဘူးလို့ ဆိုပါတယ်။
သံဖြူဇရပ်-ရေးကားလမ်း တလျှောက်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး တော်လှန်ရေးအင်အားစုတွေကလည်း လမ်းပိုင်းလုံခြုံရေး ယူတာတွေနဲ့ တက်ရောက် စစ်ဆေးတာတွေ ရှိနေပါတယ်။
မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ဇူလိုင် ၁၄ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်း ချုံခိုတိုက်ခိုက်ခံရပြီး တပ်သားတယောက် သေဆုံးခဲ့တယ်လို့ YDF-တပ်ရင်း (၁၅) ရွှေစွန်ညိုတပ်ရင်းက ပြောပါတယ်။
ထီးလင်းမြို့နယ်၊ အကြည်ဝါးဘင်းရွာအထွက်မှာ ဒီမနက် ၆ နာရီလောက်က အင်အား ၉၀ ကျော်လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို YDF တပ်ရင်း (၁၅) နဲ့ တပ်ရင်း (၇) တို့ ပူးပေါင်းပြီး ပြောက်ကျားနည်းဗျူဟာနဲ့ ချုံခိုတိုက်ခိုက်ခဲ့တာလို့ ရွှေစွန်ညိုတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကြီးက ပြောပါတယ်။
“အဲဒီစစ်ကြောင်းကို ဇူလိုင် ၁၃ ရက်နေ့ မနက်ပိုင်းကတည်းက ဝက်သက် (မြောက်) ရွာဘက်ကို စစ်ကြောင်းထိုးလာလို့ ချောင်းမြောင်းပစ်ခတ်ဖို့ စောင့်ခဲ့ပေမဲ့ အခွင့်မသာခဲ့ဘဲ မနက် ၉ နာရီလောက်မှာ ဝါးဘင်းရွာထဲကို ပြန်ဝင်သွားကြတယ်။ ဒီနေ့မနက်ပိုင်းကျမှပဲ အထွက်ကိုစောင့်ပြီး တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ဘက်က ရဲဘော်တွေတော့ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”
ထီးလင်းမြို့နယ်၊ ဝက်သက် (မြောက်) ရွာနားမှာ ဇွန် ၁၂ ရက် ညနေပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်းနဲ့ YDF-ထီးလင်းတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က နှစ်ယောက်သေဆုံးကာ ဒဏ်ရာရသူတချို့ ရှိတယ်လို့ သိရပါတယ်။
ရွှေစွန်ညိုတပ်ရင်းဟာ စခန်းသိမ်းခံထားရတာဖြစ်လို့ လက်နက်ခဲယမ်းတွေ လိုအပ်နေပြီး အဖွဲ့အစည်း ကြီးကြီးမားမားကလည်း ထောက်ပံ့ပေးတာမျိုး မရှိလို့ ခက်ခဲတဲ့ အနေအထားကို ရောက်နေတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ထောက်ပံ့ပေးကြဖို့လည်း မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။