အက်စတွန်ဗီလာနဲ့ ရာသီကြိုခြေစမ်းပွဲမှာ ၂ ဂိုးအရင်သွင်းပြီးမှ ၂ ဂိုးပြန်ပေးလိုက်ရလို့ သရေကျသွားခဲ့တဲ့အပေါ်မှာ လက်ခံနိုင်စရာမရှိကြောင်း မန်ယူနည်းပြ တန်ဟတ်ဂ်ကပြောပါတယ်။
မန်ယူအသင်းဟာ သြစတြေးလျနိုင်ငံမှာကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ခြေစမ်းပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ ပထမပိုင်းမှာအနိုင်ရရှိ ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ၂ ဂိုးပြန်ပေးခဲ့ရလို့ သရေရလဒ်နဲ့ ကျေနပ်ခဲ့ရတာပါ။
အဲဒီအပေါ်မှာ နည်းပြတန်ဟတ်ဂ်က မကျေမနပ်ဖြစ်ခဲ့ပြီး အာရုံစူးစိုက်မှုလျော့ကျခဲ့တဲ့ ကစားသမားတွေကို အပြစ်တင်သွားခဲ့တာပါ။
“ဒုတိယပိုင်းမှာ မောပန်းသွားကြလို့ ဖြစ်နိုင်ပေမဲ့ ဆင်ခြေပေးတာတော့မဟုတ်ပါဘူး။ ကစားသမားတွေနဲ့ ဒုတိယပိုင်းမှာလည်း ခြေစွမ်းပြသနိုင်သင့်ပြီး အဲဒီလိုမလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဒါကအာရုံစူးစိုက်မူလျော့နည်းခဲ့လို့ပါ။ ကွင်းမျက်နှာပြင်နဲ့ ရာသီဥတုတွေကို ဆင်ခြေမပေးချင်ပါဘူး။ ဘောလုံးက အမှားတွေရှိတတ်တဲ့ အားကစားဆိုပေမဲ့ အမှားတွေကို လျှော့ချနိုင်ဖို့တော့လိုပါတယ်” လို့ နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။
မန်ယူအသင်းဟာ ခြေစမ်းပွဲ ၄ ပွဲကစားခဲ့ရာမှာ ၃ ပွဲ အနိုင်ရခဲ့ပြီး အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာ နိုင်ပွဲရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။