ဥဇဘက်ကစ္စတန်နိုင်ငံက ကလေး ၁၈ ဦးသေဆုံးမှုနဲ့ ဆက်စပ်မှုရှိတဲ့ အိန္ဒိယ ဆေးဝါးနဲ့အလှကုန် ထုတ်လုပ်တဲ့ ကုမ္ပဏီဟာ ချောင်းဆိုးပျောက်ဆေးထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း မာရီယွန်ဘိုင်အိုတက်ခ်ရဲ့ တရားဝင်ကိုယ်စားလှယ်က ဒီဇင်ဘာ ၂၉ ရက်မှာ ပြောလိုက်ပါတယ်။
ကုမ္ပဏီဟာ ကလေးတွေသေဆုံးမှုတွေအတွက် နောင်တရခဲ့ပြီး Dok-1 Max ဆေးရည်ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီဖြစ်ကြောင်း မာရီယွန် ဘိုင်အိုတက်ခ်ရဲ့ တရားဝင်ကိုယ်စားလှယ် ဟာဆန် ဟားရစ္စက ကုမ္ပဏီရဲ့ နွိုက်ဒါ စက်ရုံအပြင်ဘက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အိန္ဒိယမူးယစ်ဆေးထိန်းသိမ်းရေးအဖွဲ့ဟာ နိုင်ငံမြောက်ပိုင်း အူတြာပရာဒက်ရှ်ပြည်နယ် နွိုက်ဒါမြို့ရှိ မာရီယွန် ဘိုင်အိုတက်ခ်ရဲ့ ထုတ်လုပ်မှုစက်ရုံကို စစ်ဆေးခဲ့ကြောင်း ပြောပါတယ်။
သူတို့မိတ်ဆွေ ဥဇဘက်ကစ္စတန်နိုင်ငံနဲ့ ပုံမှန်အဆက်အသွယ်ရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဥဇဘက်ကစ္စတန်ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ အိန္ဒိယဆေးဝါးကုမ္ပဏီကနေ ထုတ်လုပ်လိုက်တဲ့ ဆေးရည်ကို သောက်သုံးပြီးနောက်မှာ သူ့တိုင်းပြည်က အနည်းဆုံး ကလေး ၁၈ ဦး သေဆုံးခဲ့ရကြောင်း ဒီဇင်ဘာ ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီဆေးရည်ထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ အက်သလင်း ဂလိုက်ကောလ် ဓာတ်တမျိုး ပါဝင်နေပြီး ဆေးဝါးပညာရှင်ရဲ့ အကြံပေးချက်အရဖြစ်စေ၊ မိဘတွေကိုယ်တိုင်က အအေးမိပျောက်ဆေးလို့ အမှတ်မှားပြီး ကလေးတွေအတွက် တိုက်ကျွေးရမယ့် စံညွှန်းပမာဏထက် ပိုပြီး တိုက်ကျွေးမိခဲ့တာမျိုးတွေ ရှိခဲ့ကြောင်းလည်း ဥဇဘက်ကစ္စတန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အိန္ဒိယနိုင်ငံထုတ် ချောင်းဆိုးပျောက်ဆေးဟာ ဂမ်ဘီယာနိုင်ငံက ကလေးငယ် ဒါဇင်ပေါင်းများစွာ သေဆုံးမှုနဲ့ ဆက်စပ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားပြီးနောက်မှာ အိန္ဒိယဟာ ပြည်တွင်းထုတ်လုပ်သူ မေ့ဒန်းန် ဆေးဝါးကုမ္ပဏီရဲ့ ပြည်ပပို့ကုန်ဖြစ်တဲ့ ချောင်းဆိုးပျောက်ဆေးရည် နမူနာတွေကို စမ်းသပ်ခဲ့ပါတယ်။
ဟာရ်ယာနာပြည်နယ်အာဏာပိုင်တွေဟာ မေ့ဒန်းန် ဆေးဝါးကုမ္ပဏီရဲ့ အဆောက်အအုံ အသီးသီးမှာ စီးနင်းမှုတွေ လုပ်ခဲ့ကြောင်း အိန္ဒိယမီဒီယာတွေက ဖော်ပြပါတယ်။
ဗဟိုအစိုးရရဲ့ ကျန်းမာရေးအတွင်းဝန်နဲ့ ဆေးဝါးအတွင်းရေးမှူးတို့ဟာ ပြည်နယ်ကျန်းမာရေးအတွင်းဝန်နဲ့ ဆွေးနွေးထားကြောင်း ဟာရီယာနာ ကျန်းမာရေးဝန်ကြီး အနီးလ် ဗီဂျ်က ပြောပါတယ်။
အရေးယူမှု မလုပ်ခင်မှာ နမူနာတွေကို ကာလကတ္တားမှာရှိတဲ့ ဗဟိုဆေးဝါးဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးထားတယ်လို့လည်း သူကပြောပါတယ်။
သူတို့ဆီက အစီရင်ခံစာဝင်လာပြီး တခုခုမှားနေရင် တင်းတင်းကျပ်ကျပ် အရေးယူမှာပါလို့ ကျန်းမာရေးဝန်ကြီး အနီးလ်ဗီဂျ် က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
မေ့ဒန်းန်ထုတ်ကုန်လေးခုကို ဓာတ်ခွဲခန်းမှာ စစ်ဆေးတွေ့ရှိချက်တွေအရ အဆိပ်ဖြစ်စေပြီး ပြင်းထန်တဲ့ ကျောက်ကပ်ထိခိုက်မှုကို ဖြစ်စေနိုင်တဲ့ ဒိုင်ယက်သလင်းန် ဂလိုက်ကောလ်နဲ့ အီသလင်းန် ဂလိုက်ကောလ်တို့ဟာ လက်မခံနိုင်တဲ့ ပမာဏတွေ ပါဝင်နေကြောင်း အတည်ပြုထားတယ်လို့ WHO က အခုသီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။
အနောက်အာဖရိကနိုင်ငံမှ ကလေး ၆၆ ယောက် သေဆုံးမှုဟာ တိုက်ကြီးတွေဆီ အထူးသဖြင့် အာဖရိကတိုက်ကို ဆေးဝါးတွေ ထောက်ပံ့ပေးနေတဲ့ ‘ကမ္ဘာ့ဆေးဆိုင်ကြီး’ ဆိုတဲ့ အိန္ဒိယနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်သွားစေခဲ့ပါတယ်။