close

ချောင်းဆုံမြို့နယ်နှင့် ငပုတောမြို့နယ်

close

February 11, 2022

ချောင်းဆုံမြို့နယ်နှင့် ငပုတောမြို့နယ်က ကျောင်းသူကျောင်းသားနှင့် ဆရာများတွင် ကိုဗစ်ပိုးတွေ့

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်နဲ့   ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တို့မှာရှိတဲ့ အခြေခံပညာ စာသင်ကျောင်းတချို့မှာ ကျောင်းသူ ကျောင်းသားတွေနဲ့ ဆရာတချို့ ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားနေပါတယ်။  

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှာ ဆရာ၊ဆရာမ အပါအဝင် ကျောင်းသူ၊ကျောင်းသား  ၅၁ ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက  ဒီဗွီဘီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်က ကမာမိုကျေးရွာ ဒေသခံတယောက်  ရောဂါပိုးတွေ့ရှိပြီးနောက် သူရဲ့ အဓိကထိတွေ့ခဲ့တဲ့ ကမာမို အထကခွဲက ဆရာ၊ဆရာမ အပါအဝင် ကျောင်းသူ၊ကျောင်းသားတွေကို ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးကြည့်ရာမှာတော့ အစုံအလိုက်အပြုံအလိုက် ရောဂါပိုး ကူးစက်ခံလိုက်ရတာပါ။

ရောဂါပိုး ကူးစက်ခံရသူတွေထဲမှာတော့ ၁၀ တန်း၊ ၈ တန်းနဲ့ ၇ တန်း ကျောင်းသူ၊ကျောင်းသားတွေ ပါဝင်ပြီး အဲဒီထဲမှာတော့ ကျောင်းဆရာမ ၅ ဦးလည်း ရောဂါပိုး ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။

ရောဂါပိုး ကူးစက်ခံရသူတွေကိုတော့ စစ်ကောင်စီကျန်းမာရေးဌာန အစီအစဉ်နဲ့ ကမာမိုကျေးရွာ မူလတန်းကျောင်းမှာ ပြောင်းရွှေ့ကုသပေးနေပါတယ်။

ရောဂါပိုး တွေ့ရှိခဲ့တဲ့ ကမာမို အထကခွဲကိုတော့ ကျောင်းပိတ်ထားတာ မရှိဘဲ ပုံမှန်အတိုင်း ဖွင့်လှစ်သင်ကြားပေးနေတဲ့အတွက်ကြောင့် ကျောင်းသားမိဘ တချို့က စိုးရိမ်ပြီး ကျောင်းမလွှတ်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာလည်း ရောဂါပိုးတွေ့ရှိခဲ့တဲ့ ဆရာ၊ဆရာမ အပါအဝင် ကျောင်းသူ၊ကျောင်းသားတွေနဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင်တွေကို ရောဂါပိုး ရှိ မရှိ စစ်ဆေးသွားဖို့ စီစဉ်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ အခုရက်ပိုင်းအတွင်း အခြေခံပညာကျောင်းတွေမှာ ကျောင်းသူ၊ကျောင်းသား ရာနဲ့ချီပြီး ရောဂါပိုး ကူးစက်ခံနေရတာပါ။

အလားတူ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာလည်း ဖေဖော်ဝါရီလ ဒုတိယပတ်ထဲ အထက်တန်းပြကျောင်းဆရာမ တယောက်မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 

ငပုတောမြို့အထက်တန်းကျောင်းမှာ နဝမတန်း သင်ပေးနေတဲ့ အသက် ၄၆ နှစ်အရွယ် ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသား ကျောင်းဆရာမမှာ ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာလို့ ကျန်းမာရေးဝန်ထမ်းတွေထံက သိရပါတယ်။ 

“ ဆရာမက ဆေး ၂ ကြိမ်ထိုးပြီးသား ၉ တန်းသင်တာ အခန်း ၂ ခန်းဝင်ရတယ် ခုတော့ အဲ့အခန်းက ကလေးတွေကို ဆေးစစ်ထားတယ် ဘယ်လိုကနေ ကူးစက်တယ်ဆိုတာတော့ မသိရသေးဘူး”လို့ ကျန်းမာရေး ဝန်ထမ်း တဦးက ပြောပါတယ်။ 

ကျောင်းဆရာမမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပေမယ့် ကျောင်းကို လော့ဒေါင်းမလုပ်ပဲ ပိုးသတ်ဆေးဖြန်းကာ ကျောင်းဆက်ဖွင့်ထားတာကြောင့် ကလေးတွေ ရောဂါပိုးကူးစက်ခံရမှာကို မိဘတွေအနေနဲ့ စိတ်ပူနေကြပါတယ်။

ငပုတောမြို့မှာ ဖေဖော်ဝါရီ ၁ ရက်မှ ၁၁ ရက်နေ့ထိ စစ်ဆေးမှုတွေအရ ကိုဗစ်ရောဂါတွေ့ရှိထားသူ ၁၀ ယောက်လောက်ရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးဌာနကသိရပါတယ်။

2 mins Ago
Up