မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင် ကိုဗစ်-၁၉ လူနာ ၁၃ ဦး တွေ့ရှိခဲ့ပြီး ဒေသတွင်းက မြို့နယ်များထက် ကိုဗစ်ပိုးတွေ့ရှိသူ များပြားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ကိုဗစ်ပိုးတွေ့ လူနာဟာ မော်လမြိုင်မြို့မှာ ဒုတိယအများအဆုံးရှိခဲ့ပြီး ပေါင်မြို့နယ်ကတော့ တတိယအများဆုံးလို့ သိရပါတယ်။
ဧပြီနောက်ဆုံးပတ်ကနေ မေပထမပတ်ကုန်အထိ ကိုဗစ် လူနာဟာ ချောင်းဆုံမှာ ၁၃ ဦး၊ မော်လမြိုင်မှာ ၈ ဦး၊ပေါင်မှာ ၇ ဦး၊ မုဒုံမှာ ၆ ဦး၊ သံဖြူဇရပ်နဲ့ ကျိုက်ထိုမှာ ၃ ဦး၊ ကျိုက်မရောမှာ ၁ ဦး တွေ့ရှိခဲ့တာပါ။
အခုလို ကိုဗစ်ကူးစက်မှုတွေ ထပ်မံဖြစ်လာနေပေမဲ့ လူတွေက ပုံမှန်သွားလာနေကြသလို ကိုဗစ်စည်းကမ်းချက်ကို မလိုက်နာသရွေ့ ကူးစက်မှုတွေကတော့ ထပ်မံမြင့်တက်လာနိုင်တယ်လို့ ကိုဗစ်အရေးကူညီပေးနေတဲ့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
လက်ရှိ ကိုဗစ်အတည်ပြုလူနာတွေကို သက်ဆိုင်ရာမြို့နယ်အသီးသီးက ကိုဗစ်ကုသဆောင်တွေမှာ ကုသမှုပေးနေပြီး အတည်ပြုလူနာတွေကို နေအိမ်မှာ ကွာရန်တင်းထားထားတယ်လို့ ကိုဗစ်အရေးကူညီပေးနေတဲ့ကျန်းမာရေးလုပ်သားတွေက ပြောပါတယ်။
အခုတကျော့ပြန် ကိုဗစ်ကူးစက်ခံရတဲ့သူတွေထဲမှ ရောဂါပြင်းထန်သေဆုံးတဲ့ လူနာတွေ မွန်ပြည်နယ်မှာ အခုချိန်ထိ မရှိသေးဘူးလို့ သိရပါတယ်။
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရုံးဟာ နိုဝင်ဘာ ၁၂ ရက် ည ၁၂ နာရီခွဲလောက်က မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ချောင်းဆုံမြို့မရဲစခန်း မျက်စောင်းထိုးမှာရှိတဲ့ ချောင်းဆုံမြို့နယ် အန်အယ်လ်ဒီပါတီရုံးကို အမည်မသိလူတစ်စု လာရောက်မိုင်းထောင်ပြီး ဖောက်ခွဲ ဖျက်ဆီးသွားတာ ဖြစ်ပြီး အဆောက်အအုံတစ်ခုလုံး ပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီမိုင်းထောင်ဖောက်ခွဲမှုဟာ ပေါက်ကွဲမှု ပြင်းထန်တဲ့အတွက်ကြောင့် အနီးဝန်းကျင်က လူနေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ချောင်းဆုံဒေသခံ တစ်ဦးက ပြောပါတယ်။
အန်အယ်ယ်ဒီပါတီရုံး မိုင်းခွဲ ဖျက်ဆီးတာဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
မွန်ပြည်နယ်မှာတော့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင်နဲ့ ချောင်းဆုံမြို့နယ်တွေက မြို့နယ် အန်အယ်လ်ဒီ ပါတီရုံး ၅ ရုံး မိုင်းခွဲ ဖျက်ဆီးတာခံထားရပါတယ်။