မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့မှာ အောက်တိုဘာ ၁၉ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းပြီး ယောချောင်းရေတိုက်စားတာကြောင့် ဂုံဘိုတံတား ချည်းကပ်လမ်း ပျက်စီးသွားပြီး ပခုက္ကူ-မင်းတပ် လမ်းပြတ်တောသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောက်ထုမြို့နဲ့ ချင်းတောင်တို့မှာ အောက်တိုဘာလ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ယောချောင်းရေတိုက်စားပြီးတော့ ကျောက်ထု-ပန်းဆန်ကို ဖောက်လုပ်ထားတဲ့ ဂုံဘိုတံတား ချည်းကပ်လမ်းပျက်စီးသွားတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ချင်းတောင်ကနေ ရွာတဲ့မိုးကြောင့် ယောချောင်းရေ တစ်ဟုန်ထိုး ကျလာပြီး ပန်းဆန်ရွာ ဘက်အခြမ်းက ဂုံဘိုတံတားရဲ့ ချည်းကပ်လမ်း ရေတိုက်စားပြီးတော့ လုံးဝပြတ်ထွက်သွားတာကြောင့် ဆိုင်ကယ်တွေ၊ ကားတွေ သွားလာလို့ မရတော့ဘူးလို့ ဆိုပါတယ်။
အဲဒီတံတားဟာ ပခုက္ကူ-မင်းတပ် ကားလမ်းပေါ်မှာ တည်ရှိပြီးတော့ မင်းတပ်မြို့ကနေ့ ပခုက္ကူ၊ မန္တလေးမြိုတွေကို သွားလာရတဲ့ အဓိက အချက်ချာကျတဲ့ တံတားတစ်စင်းဖြစ်တာကြောင့် အမြန်ဆုံး ပြုပြင်ပေးစေလိုတယ်လို့ ပြောပါတယ်။
အဲဒီတံတားရဲ့ဘေးမှာ တံးတား အသစ်တစ်စင်း ဆောက်လုပ်နေပေမယ့် အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် ယာယီရပ်နားထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒါ့အပြင် ယောချောင်းရေတိုက်စားပြီးတော့ လျှပ်စစ်မီးတိုင်တွေပါ လဲပြိုတာကြောင့် ကျောက်ထုမြို့ မြောက်က်အခြမ်းက ကျေးရွာတွေမှာ လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ ဆိုပါတယ်။
ကနီမြို့နယ်ထဲက ကင်းနဲ့ခုံကြီးကျေးရွာအုပ်စုမှာ ဩဂုတ် ၁ ရက်ကစလို့ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျ ချောင်းရေကြောင့် နေအိမ် ၂၀ လောက် ရေတိုက်စားမှုခံရပြီး ပြိုကျမယ့်အန္တရာယ်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ် ၆ ရက်နဲ့ ၇ ရက်မှာ ရွာတဲ့ မိုးက ရေအတော်များများပါတာကြောင့် ချောင်းရေလျှံပြီး ကင်းကျေးရွာအုပ်စုမှာတော့ နေအိမ်တွေထဲအထိ ရေတွေ ဝင်ရောက်နေပြီး ခုံကြီးကျေးရွာအုပ်စုမှာတော့ နေအိမ် ၂၀ လောက် ပြိုကျမယ့် အန္တရာယ် ရှိနေတယ်လို့ ဆိုပါတယ်။
ပါဟဲရွာနေသူတစ်ဦးက “ကျနော်တို့ ဘဝတွေကတော့ စစ်တပ်လည်း ကြောက်ရ၊ ကိုဗစ်လည်း ကြောက်ရနဲ့ အခု ချောင်းရေပါ ကြောက်နေရပြီဗျာ။လူတွေကတော့ အခု ဘေးလွတ်ရာ ပြောင်းနေကြရတယ်။ ဒီလိုသာ မိုးဆက်ရွာနေမယ်ဆိုရင် တစ်ရွာလုံး ချောင်းထဲ မျောမှာ သေချာတယ်” လို့ ပြောပါတယ်။
ပါဟဲရွာဟာ ကနီမြို့နယ် ခုံကြီးအုပ်စုမှာပါဝင်တဲ့ ရွာဖြစ်ပြီး စစ်ကောင်စီတပ်တွေက ရွာသားတွေကို ဖမ်းဆီးတာကြောင့် ရွာသားအားလုံး ဘေးလွတ်ရာကို တိမ်ရှောင်နေရတဲ့ ရွာလည်း ဖြစ်ပါတယ်။
အဲဒီရွာဟာ အိမ်ခြေ ၉၀ ခန့် လူဦးရေ ၉၀၀ ကျော်ရှိပြီး လက်ရှိမှာ ရွာသားအများစုဟာ ရာသီတုပ်ကွေး ဖြစ်ပွားနေကြပါတယ်။
ရွာသားတစ်ဦးက “ဒီနေ့ နေ့လယ်ပိုင်းထိ ပြောင်းရွှေ့နေရတယ်။ ပြီးခဲ့တဲ့လကလည်း စစ်တပ်ရွာထဲ ဝင်လာလို့ တောထဲ ထွက်ပြေးကြရတယ်။ ထွက်ပြေးချိန် ရာသီတုပ်ကွေး ဖြစ်ကြပြန်တယ်။ အခု ချောင်းရေတက်တော့ နေမကောင်းရက်ကြီးနဲ့ လုပ်နေရတော့ မသက်သာဘူး” လို့ ဆိုပါတယ်။
ကနီမြို့နယ်အတွင်း ချောင်းရေတိုက်စားခံရတဲ့ ကျေးရွာတွေဟာ မြို့နယ်ဌာနဆိုင်ရာတွေဆီကနေ အကူညီမရရှိဘဲ ကိုယ်ထူကိုယ်ထ လုပ်နေရတဲ့အပြင် ရာသီတုပ်ကွေးပါ ဖြစ်ပွားနေတာကြောင့် အစားသောက်နဲ့ဆေးဝါးအကူအညီတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လွန်ခဲ့တဲ့လပိုင်းတွေက အဲဒီရွာနားမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် အခုလိုဖြစ်ချိန် ကျေးရွာသားတွေဟာ စစ်ကောင်စီရဲ့ ဖမ်းဆီမှုခံရမှာ ကြောက်ပြီး ဘယ်မှ မသွားရဲကြဘူးလို့ သိရပါတယ်။