မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်တဲ့အတွက် ဧရာဝတီတိုင်း ချောင်းသာကမ်းခြေ ပင်လယ်ကမ်းစပ်နဲ့ အနိမ့်ပိုင်းမှာနေထိုင်တဲ့ ပြည်သူတွေကို မြို့ခံပရဟိတအသင်းအဖွဲ့တွေက ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းကို မေလ ၁၀ ရက်က စတင်ရွှေ့ပြောင်းပေးနေပါတယ်။
နေ့စဉ် လူဦးရေ ၁,၀၀၀ အထက် ပြောင်းရွှေ့ပေးနေရလို့ ကယ်ဆယ်ရေးယာဉ်တွေမှာ အသုံးပြုနေတဲ့ စက်သုံးဆီတွေ လိုအပ်နေတယ်လို့ မြို့ခံပရဟိတအသင်းအဖွဲ့တွေထံက သိရပါတယ်။
ချောင်းသာမြို့ ရပ်ကွက်ကြီး ၃ ခုက နာမကျန်းဖြစ်နေသူ၊ သက်ကြီးဘိုးဘွားများ၊ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ဦးစားပေး ပြောင်းရွှေ့ပေးနေပြီး ရပ်ကွက်နဲ့ ပြောင်းရွှေ့ပေးနေရတဲ့ နေရာအကွာအဝေး ဝေးကွာတဲ့အတွက် စက်သုံးဆီလိုအပ်ချက်တွေ ရှိတယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “၁၀ မိုင်ကျော်လောက်ရှိတယ်၊ တနေရာနဲ့တနေရာ ပို့ပေးရတာက ဝေးတော့ အကြောင်းအရေကလည်းများတယ်၊ နေ့စဉ် ကားလေးစီးနဲ့ ညဘက်အထိ ပို့ဆောင်ကူညီပေးနေပါတယ်” လို့ ပြောပါတယ်။
စက်သုံးဆီဈေးမှာ မေလအစပိုင်းထိ တလီတာ ၄,၀၀၀ ဝန်းကျင်ခန့် ဝယ်ယူရပြီး အခုရက်ပိုင်း မုန်တိုင်းသတင်းကြောင့် ရန်ကုန်က ဆီကားတွေမရောက်လို့ လက်ကျန်ဆီကိုသာ ရောင်းချပေးနေပါတယ်။
ချောင်းသာဒေသခံတဦးက “အားလုံးကတော့ ပြောင်းနေချင်ကြတာပေါ့၊ ပရဟိတ အသင်းတွေကိုပဲ အဓိကထား အားကိုးနေရတယ်။ သူတို့မှာလည်း အခက်အခဲရှိတော့ အရေးကြီးတဲ့သူတွေကိုပဲ အဓိကထား ပို့ဆောင်ပေးနေကြတယ်။ အိမ်စောင့်လောက်ပဲကျန်ခဲ့ပြီး အကုန်လုံးပြောင်းဖို့တော့ လုပ်နေပါပြီ” လို့ ပြောပါတယ်။
မုန်တိုင်းသတင်းကြောင့် ပြည်သူတွေကို ပရဟိတအဖွဲ့ဝင်တွေက မြို့ပေါ် အမြင့်ပိုင်းရှိ ဘုန်းကြီးကျောင်းတွေဆီ ပြောင်းရွှေ့နေထိုင်စေပြီး အဲ့ဒိဘုန်းကြီးကျောင်းတွေကပဲ နေရေးစားရေး တာဝန်ယူထားပေးတယ်လို့လည်း သိရပါတယ်။
ပြောင်းရွှေ့နေထိုင်ပေးထားတဲ့ ဘုန်းကြီးကျောင်းတွေမှာ မြို့နယ်မီးသတ်တပ်ဖွဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ရောက်ရှိနေပေမဲ့ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးမှုတော့ မရှိပါဘူး။
ချောင်းသာမြို့မှာတော့ မုန်တိုင်းရှောင်ပြည်သူတွေအတွက် ခိုလှုံရာနေရာ ထားရှိပေမဲ့ လူဦးရေ ၂၀၀ လောက်သာ နေနိုင်တဲ့အတွက် မြို့ဦးကျောင်း၊ စကားဝါတောင်ကျောင်း၊ ဒေါနတောင်ကျောင်းနဲ့ စိန်ပန်းကျောင်းတို့ကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်းမှာ အခုလ ၁၄ ရက်က စတင်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့အနီး ရေမိုင် ၅၀၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး လေတိုက်နှုန်း တနာရီ မိုင် ၁၀၀ အထက် ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။
ဧရာဝတီတိုင်း၊ ချောင်းသာမြို့၊ ချောင်းသာလမ်းမ၊ Supreme ဟိုတယ်ရှိ ရေချိုးခန်းမှာ ဧပြီ ၃၀ ရက် မနက်ပိုင်းက တည်းခိုသူအမျိုးသား ၂ ယောက် ဓာတ်လိုက်ခဲ့ပြီး ၁ ယောက် သေဆုံးကာ ၁ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
မနေ့ မနက် ၁၀ နာရီ ၁၅ မိနစ်လောက်မှာ သေဆုံးသူနဲ့ သူငယ်ချင်းတွေက ချောင်းသာပင်လယ်မှာ ရေကူးပြီး ဟိုတယ်ရှိ ရေချိုးခန်းဝင်ချိန် ရေပူပေးစက်ကနေ လျှပ်ကူးကာ သူငယ်ချင်းဖြစ်သူကို စတင် ဓာတ်လိုက်နေခဲ့တာပါ။
ချောင်းသာအခြေစိုက် ကယ်ဆယ်ရေးအသင်း တာဝန်ခံက “ဧည့်သည်အဖွဲ့ကနေ ရေကူးပြီး ပြန်တက်လာတယ်။ ဟိုတယ်ရောက်တော့ သူ့သူငယ်ချင်းကနေ ရေပန်းကို ဖွင့်လိုက်တာ ရေပန်းမှာက လျှပ်စစ်ဆွဲထားတာမျိုး ရှိတယ်။ အဲဒီကနေ ဓာတ်လိုက်တာ။ သေဆုံးသွားတဲ့သူက အနောက်က ဝင်ပြီးတော့ဆွဲတာပေါ့။ အဲဒီမှာ ဓာတ်လိုက်တဲ့သူက မသေဘဲနဲ့ ဝင်ကယ်ပေးတဲ့ သူက သေသွားတာ။ DB ကို ချောင်းသာဆေးရုံကနေ ရန်ကုန်ကို ပြန်ပို့ပေးထားပါတယ်။ သေသွားတဲ့သူက ကိုဗစ်ကာလမှာ ရန်ကုန်က ပရဟိတအသင်းတစ်သင်းမှာ ကူညီပေးနေတဲ့ လူငယ်တစ်ယောက်ပါ” လို့ ဆိုပါတယ်။
သေဆုံးသွားသူဟာ သူ့သူငယ်ချင်းဓာတ်လိုက်နေတာကို ဝင်ဆွဲရာက နှစ်ဦးစလုံး ဓာတ်လိုက်နေပြီး ဟိုတယ်ဝန်ထမ်းတွေနဲ့ ကယ်ဆယ်ရေးအသင်းတွေက ဆေးရုံ အချိန်မီ ပို့ဆောင်ခဲ့ပေမဲ့ ဝင်ဆွဲသူ အမျိုးသားက သေဆုံးခဲ့ပြီး သူငယ်ချင်းဖြစ်သူက ဒဏ်ရာ ရရှိခဲ့ပါတယ်။
သေဆုံးသူအပါအဝင် လူ ၁၀ ဦးအဖွဲ့ဟာ ရန်ကုန်ကနေ လာရောက်သူတွေဖြစ်ပြီး ဧပြီ ၂၉ ရက်က အဆိုပါဟိုတယ်မှာ ၃ ခန်းယူ တည်းခိုနေတာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့နဲ့နီးစပ်သူ တဦးက ''ရေဆင်းကူးပြီး ဟိုတယ်ပြန်ရောက်တော့ ရေပန်းဖွင့်ပြီး ချိုးတာ။ မြေအောက် ဝါယာလိုင်းက ပေါက်နေတာ မသိလိုက်တော့ ဓာတ်လိုက်သွားတာ။ ဓာတ်လိုက်တာတော့ ၃ ယောက်လုံး ဒါပေမယ့် အဲဒီ လူ တယောက်ပဲ သေသွားတာ ''လို့ ပြောပါတယ်။
ဓာတ်လိုက်သေဆုံးခဲ့တဲ့ အမျိုးသားဟာ အသက် ၂၈ နှစ်အရွယ် မောင်နိုင်မျိုးလွင် (ခ) နောင်နောင်ဖြစ်ပြီး အလောင်းကိုတော့ ချောင်းသာဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ဟိုတယ်နဲ့နီးစပ်သူတစ်ဦးက “သူတို့က ၁၀ ယောက်တစ်ဖွဲ့လာပြီးတော့ နေတယ်။ ပထမတစ်ရက် တည်းပြီးပါပြီ။ နောက်နေ့ ရေဆင်းကူးကြတယ်။ ပြန်လာတော့ ရေချိုးကြတယ်။ အဓိကက ရေကြောင့်တော့ မဟုတ်ပါဘူး။ ပိုက်တွေကလည်း PVC ပိုက်တွေနဲ့ လုံအောင်လုပ်ထားတာပါ။ ဟိုတယ်က ဖွင့်ထားတာ ကြာပါပြီ။ အခုလိုမျိုးလည်း မဖြစ်ဖူးပါဘူး။ အဲဒီမှာ ရေချိုးရင်းနဲ့ ဖြစ်တယ်ပြောလို့ ချက်ချင်းဆေးရုံပို့တယ်။ တစ်ယောက်က အသက်မမီတော့ဘူး” လို့ ဆိုပါတယ်။
မောင်နိုင်မျိုးလွင်(ခ)နောင်နောင် ဓာတ်လိုက်သေဆုံးမှုကို ချောင်းသာနယ်မြေရဲစခန်းမှာ ဓမ္မတာ အတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ်သိဖို့ သေမှုသေခင်းဖွင့်လှစ်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ အသိုင်းဝိုင်းက သိရပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရရှိသူအတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့၊ ဟိုတယ်တာဝန်ရှိသူတွေက ကာယကံရှင် တွေနဲ့ ညှိနှိုင်းထားတယ်လို့ သိရပြီး ဘယ်လိုမျိုး တာဝန်ယူလုပ်ဆောင်ပေးထားတယ်ဆိုတာ Supreme ဟိုတယ်ဘက်က အသေးစိတ်ပြောပြခြင်း မရှိပါဘူး။