close

ချောင်းဦးမြို့နယ်

close

January 26, 2023

စစ်ကိုင်းတိုင်း မြို့နယ် ၂ ခုတွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဇန်နဝါရီ ၂၅ ရက်နေ့ မနက် ၈ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ချောင်ဦးဒေသခံတွေက ပြောပါတယ်။

အင်အား ၄၀ လောက်ပါ စစ်ကောင်စီတပ်ဟာ ရှမ်းထူးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာရင်း ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားရတာလို့ ဒေသခံ ပြည်သူကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။

“တိုက်ပွဲဖြစ်ခဲ့တာဟုတ်ပါတယ်။ သူတို့က အင်အား ၄၀ နဲ့ ကင်မွန်းတော်ရွာကနေ စထွက်လာတာဗျ။ သူတို့က ရှမ်းထူးရွာကို မီးရှို့ဖို့ရာ ရည်ရွယ်ချက်နဲ့ လာတာထင်တယ်။ ကျနော်တို့နဲ့ တွေ့ပြီး တိုက်ပွဲဖြစ်သွားတယ်။ တိုက်ပွဲကတော့ ၂ နာရီလောက်ကြာမယ်ထင်တယ်။ သူတို့ဘက်က ၁ ဦးကျဆုံးတယ်။ သေတဲ့အလောင်းကိုပြန်သယ်မသွားဘဲ ယာစောင့်တဲအတွင်း ထည့်မီးရှို့သွားတယ်။ ပြီးတော့ ကင်းမွန်တော်ရွာထဲ ပြန်ဆုတ်ပြေးသွားတယ်” လို့ ချောင်းဦးကာကွယ်ရေးခေါင်းဆောင်တဦးက ပြောပါတယ်။

‌ကင်းမွန်တော်ရွာဟာ ချောင်းဦးမြို့နယ်အတွင်းက စစ်ကောင်စီထောက်ခံတဲ့ ကျေးရွာတရွာဖြစ်သလို ဒေသခံရွာသားတွေဟာ ပျူစောထီးအဖွဲ့အဖြစ် လက်နက်ကိုင်ပြီး စစ်ကောင်စီစစ်ကြောင်းတွေနဲ့ပူးပေါင်းက အနီးအနားကရွာတွေကို လုယက်တာတွေ အကြိမ်ကြိမ်လုပ်ဆောင်တယ်လို့ ဆိုပါတယ်။

အခုတိုက်ပွဲကို CHU PDF၊ မုံရွာခရိုင်အမှတ် ၆ တပ်ရင်း၊ ချောင်းဦးမြို့နယ် ပကဖအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာမှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး ဒေသခံပြည်သူတချို့ စစ်ရှောင်စခန်းတွေဆီ လာရောက်တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးသူဆီက သိရပါတယ်။ 

ဇန်နဝါရီ ၂၅ ရက်နေ့ မနက်က ဒီပဲယင်းမြို့ ညောင်လှကျေးရွာမှာ ရေဦးမြို့ဘက်ကနေ အင်အားအများအပြားနဲ့ စစ်ကြောင်း ၃ ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ခင်ဦးအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။  

"ဒီစစ်ကြောင်းက အင်အား ၂၀၀ လောက်နဲ့ လှည့်နေတာ ၁ လ ကျော်လောက်ကြာပြီ။ မော်လိုက်အခြေစိုက်တပ်ရယ်၊ မှော်ဘီ အထူး ၄ အခြေစိုက်တပ်၊ ခမရ ၃၆၄ တပ်နဲ့ ခလရ ၇၀၁ တပ်က လူတွေပါ။ ရေဦး နဲ့ ဒီပဲယင်း အစပ်ကို စစ်ကြောင်းပြန်ထိုးနေတာ ၂ ရက်ရှိပါပြီ။ ပြီးခဲ့တဲ့ ၂ ရက်က ခင်ဦးမြို့အနောက်ဘက်က အင်းပတ်ကွေ့ကျေးရွာနားမှာ တိုက်ပွဲဖြစ်ပြီး ငှက်ပျောခြံ၊ လျှော်ဖြူခြံတွေကို မီးရှို့ခဲ့လို့ လူနေအိမ် ၂ လုံးနဲ့ မီးဖိုတဲ တခုကို မီးလောင်သွားသေးတယ်။ ဒီမနက်လည်း ဒီပဲယင်းနယ်ထဲမှာ မီးရှို့နေတာ မီးခိုးတွေ လှမ်းမြင်နေရတယ်။" 

ဒီပဲယင်း စစ်ရှောင်သူတွေကို ကူညီပေးနေသူတဦးက "သူတို့မနှစ်က လုပ်နေကျပုံစံလိုပါပဲ။ ရေဦးက ကျေးရွာတွေကို မီးရှို့ပြီး ဒီပဲယင်းကို ပြန်ဝင်တာ။ မနေ့က လက်ယက်ကုန်းကို ဝင်မွှေပြီး မီးထပ်ရှို့တယ်။ ဘာမှတော့ သိပ်ပျက်စီးဆုံးရှုံးတာ မရှိပါဘူး။ ပထမတခါတည်းက ကုန်သလောက်ဖြစ်နေတာလည်း ပါတာပေါ့။  အခု ညောင်လှရွာထဲ စစ်ကြောင်း ၃ ကြောင်း နဲ့ဝင်နေတယ်။ မနက် ၁၀ နာရီကျော်လောက်ကအထိ ပစ်ခတ်သံတွေကြားနေရတယ်။ အခြေအနေအသေးစိတ်တော့ မသိရသေးဘူး။ တချို့ရွာက ပြည်သူတွေတော့ စစ်ရှောင်စခန်းတွေကို ရောက်လာပြီ၊ ရှိတာနဲ့ ကျွေးမွေးဖို့ စီစဉ်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

ဒါ့အပြင် ဇန်နဝါရီ ၂၃ ရက်နေ့ မနက်ကလည်း ခင်ဦးမြို့နယ်အနောက်ခြမ်း ရေဦးမြို့ နဲ့ ၂ မိုင်လောက်ဝေးတဲ့  အင်းပတ်ကွေ့ဈေးတန်း အထိုင်ချ စစ်ကောင်စီတပ်သား ၁၅ ဦးလောက်ကို KSO၊KDK-Khin U Dog Killers နဲ့ မြို့နယ်ပကဖ အဖွဲ့တို့ပူးပေါင်းပြီး ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရှိခဲ့ပါတယ်။

3 mins Ago

July 30, 2022

ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ချောင်ဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနဲ့ ရေပိုးစားကျေးရွာကြားမှာ မိုင်းရှာ‌တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဇူလိုင် ၂၈ ရက် ည ၁၀ နာရီခွဲလောက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။ 

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၆ ယောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ သတင်းပြန်ကြားရေးရဲ့ ဇူလိုင် ၃၀ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ပဒေသာမိုင်း ၃ လုံး ဖောက်ခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဆိုင်ကယ် ၂ စီးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သတင်းပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်တောက်တွန်း(MBTT)က “ စစ်ကောင်စီတပ် ကင်းပုန်းချထားတာ။ ၉ ယောက် ၁၀ ယောက်လောက် အဲဒီနား ဝေ့လည်လည်လုပ်နေတာ။ ည ၁၀ နာရီလောက်မှာ မိုင်း ၃ လုံး ဆွဲလိုက်တာ။ ဆိုင်ကယ်တွေရောပါတယ်။”လို့ ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်တောက်ထွန်း(MBTT)အထူးတပ်ဖွဲ့၊ မြို့နယ်ပကဖ၊ ဗိုလ်နေတိုး ပြောက်ကျားအထူးဖွဲ့(B.N.T)၊Saw Bwar Gyi (MPDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးမှု အခြေနေကိုတော့ စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

6 months Ago
Up