close

ချောင်းဦးရွာ

close

September 26, 2021

ပုလဲမြို့နယ်၊ ချောင်းဦးရွာတွင် စစ်ကောင်စီသတင်းပေး ၁ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ချောင်းဦးရွာမှာ စစ်ကောင်စီသတင်းပေး ဒလန်လို့ လူသိများတဲ့ အမျိုးသားတယောက် စက်တင်ဘာ ၂၅ ရက် မနေ့ည ၁၁ နာရီခွဲလောက်က ဓားနဲ့ ခုတ်သတ်ခံရတယ်လို့ ဒေသခံရွာသားတွေထံက သိရပါတယ်။

ရွာသားတစ်ဦးက “အသတ်ခံလိုက်ရသူအမည်က ဦးကျော်ဆွေပါဗျ။ ဓားနဲ့ခုတ်သတ်ခံလိုက်ရတာ။ ဘာကြောင့် အသတ်ခံရတာလဲဆိုတော့ ဒလန်လို့တော့ သတင်းထွက်နေတာကြာပြီ။ သူ့ကို ဒလန်ရှင်းလင်းရေးအဖွဲ့က စောင့်ကြည့်နေကြတာ။ စစ်ကောင်စီ ထောက်ခံအားပေးကာ သတင်းပေးတာတွေ လုပ်တာ သေချာသွားလို့ အခုလို အသတ်ခံရတာ ဖြစ်နိုင်တယ်”လို့  ပြောပါတယ်။

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက အင်းအားအလုံးအရင်းနဲ့ ဒီနေ့ စက်တင်ဘာ၂၆ ရက်အထိ နယ်မြေရှင်းလင်းရေးဆိုပြီး ကျေးရွာတိုင်းလိုလိုဝင်ရောက်ကာ ရွာသားတွေကို ဖမ်းဆီးနှိပ်စက်တာတွေ နေ့စဉ်လုပ်နေပါတယ်။

ပုလဲမြို့နယ်အတွင်း အင်တာနက်လိုင်းတွေလည်း ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက  ဖြတ်တောက်ခံထားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ သတင်းပေး ဒလန်မှန်သမျှ အမြင်မှန်ရပြီး ငြိမ်ငြိမ်နေပါ၊ ငြိမ်ငြိမ်မနေရင် ဒလန်တွေကို လိုက်လံရှာဖွေ ရှင်းလင်းသွားမယ်လို့ ဒလန်ရှင်းလင်းရေး မဟာမိတ်အဖွဲ့က ​သတင်းထုတ်ပြန်ထား ပါတယ်။

12 mins Ago
Up