စစ်ကိုင်းတိုင်း ချောင်းဦးသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်ကို စစ်ကောင်စီတရားရုံးက မတ် ၃၀ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ် အမိန့်ချခဲ့တယ်လို့ သိရပါတယ်။
“ကိုမာန်ဇာမြေမွန်ကို ပုဒ်မ ၅၀၅(က) နဲ့ မုံရွာအကျဉ်းထောင် တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်။ အမှုက ၅ မှုနဲ့ ဆွဲခံရတာ။ အခုက ၅၀၅(က) အတွက် အမိန့်ချတာဖြစ်တယ်။ ကျန်အမှု ၄ ခုက ကျန်သေးတယ်” လို့ မိသားစုဝင်တဦးက ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ချောင်းဦးသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်ကို ၂၀၂၁ ခုနှစ် ဇွန်လဆန်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး မတ် ၃၀ ရက်နေ့မှာ စစ်ကောင်စီတရားရုံးက အမိန့်ချခဲ့တာပါ။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာမှာ ဇွန်လ ၈ ရက်နေ့က အကြမ်းဖက်စစ်တပ်ရဲ့ သေနတ်ပစ်ခတ်ဖမ်းဆီးခံခဲ့ရတဲ့ သပိတ်ခေါင်းဆောင် မာန်ဇာမြေမွန် အပါအဝင် ၃ ဦးကို ပြန်လွှတ်ပေးဖို့ MATA အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
မာန်ဇာမြေမွန်မှာ စစ်ကိုင်းတိုင်း MATA အဖွဲ့ရဲ့ သဘာဝသယံဇာတဆိုင် ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးလုပ်ငန်း (EITI)မှာ SNU(Subation Unit Sagaing) အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။
စစ်တပ်အနေနဲ့ ဒီမိုကရေစီရရှိအတွက် အကြမ်းမဖက် ဆန္ဒထုတ်ဖော်သူတွေကို အင်အားသုံးဖမ်းဆီးတာ နေ့စဉ်မြင်တွေ့ရနေတာဟာ ထိတ်လန့်ရွံရှာဖွယ်ဖြစ်ပြီး နိုင်ငံပုံရိပ် များစွာ ထိခိုက်စေသလို နိုင်ငံသားတစ်ဦးအနေနဲ့ မိမိတို့ ဆန္ဒအား လွတ်လပ်စွာ ဖော်ထုတ်ပြီး အပြစ်သားကဲ့သို့ ရက်စက်စွာဖမ်းဆီးတာကို တုန်လှုပ်ဖွယ်အဖြစ်ရှုမြင် အပြင်းအထန် ရှုတ်ချတယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် အကြမ်းမဖက်နည်းနဲ့ ဆန္ဒဖော်ထုတ်သူတွေ၊ ကိုမာန်ဇာမြေမွန် အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ရာဇဝတ်သားကဲ့သို့ ပြုမူဆက်ဆံခြင်းမပြုလုပ်ဖို့နဲ့ ခြွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း MATA အဖွဲ့က တောင်းဆိုထားပါတယ်။