စပိန်နိုင်ငံ လာပယ်မာကျွန်းပေါ်က မီးတောင်ပေါက်ကွဲပြီး ချော်ရည်တွေကြောင့် အောက်တိုဘာ ၉ ရက်နေ့မှာ အဆောက်အအုံအချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မီးတောင်က ပိုပြင်းပြင်းထန်ထန် ပေါက်ကွဲနေတာကြောင့် ချော်ရည်တွေ ပန်းထွက်နေပြီး ချော်ရည်စီးကြောင်းတွေက ကမ်ဘရေ ဗေးဂျာ မီးတောင်ရဲ့ တောင်စောင်း တလျှောက် စီးဆင်းနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ချော်ရည်တွေက ကော်လေဂျွန် ဒေလာ ဂါတာရွာက အဆောက်အအုံ ၄ ခုထက် မနည်းကို ဖျက်ဆီးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒီမီးတောင်ဟာ စက်တင်ဘာ ၁၉ ရက်က စတင်ပေါက်ကွဲခဲ့တာဖြစ်ပြီး ခုထိ အဆောက်အအုံ ၈၀၀ ကျော် ဖျက်ဆီးခဲ့ပြီးပါပြီ။ ကျွန်းပေါ်က လူအယောက် ၆၀၀၀ ကျော်လည်း အိုးအိမ်စွန့်ခွာပြီး ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရပါတယ်။
လူဦးရေ ၈၃၀၀၀ ရှိတဲ့ လာပယ်မာကျွန်းဟာ အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ကာနာရီ ကျွန်းစု တွေထဲက ကျွန်းတကျွန်း ဖြစ်ပါတယ်။