close

ချေးငွေပြန်ဆပ်ရန် မလို

close

April 21, 2022

ချေးငွေများပြန်ဆပ်ရန်မလိုဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြေညာ

အန်အယ်လ်ဒီအစိုးရလက်ထက်က ထုတ်ချေးထားခဲ့တဲ့ငွေတွေကို ပြန်ဆပ်ဖို့ မလိုသေးဘူးလို့ ချင်းပြည်နယ် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က  အသိပေး ကြေညာလိုက်ပါတယ်။

မြစိမ်းရောင်ချေးငွေ၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ၊ သမဝါယမချေးငွေဘဏ်ချေးငွေ စတဲ့ အစိုးရချေးငွေ အမျိုးအစားအားလုံးကို ပြန်ဆပ်ဖို့  စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်နေတာကို သိရပြီး ဒီအချိန်ဟာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းတာကို နိုင်ငံတဝန်း ပြည်သူတရပ်လုံးက တခဲနက်တော်လှန်နေချိန်ဖြစ်တယ်လို့ ဆိုပါတယ်။

ချေးငွေယူထားတဲ့ မင်းတပ်မြို့နယ်က ပြည်သူတွေအနေနဲ့ တရားမဝင်စစ်ကောင်စီနဲ့ချိတ်ဆက် ဆောင်ရွက်ပြီး ချေးငွေတွေပေးဆပ်စရာ မလိုအပ်တဲ့အကြောင်းနဲ့ နွေဦးတော်လှန်ရေးပြီးဆုံးလို့ ပြည်သူ့အစိုးရ တရပ်ပေါ်ပေါက်လာတဲ့ အခါမှပဲ ချေးငွေတွေပြန်လည်ပေးဆပ်ဖို့ ညှိနှိုင်းဆွေးနွေးရမယ်လို့ ကြေညာပါတယ်။

ပြီးတော့ အခကြေးငွေနဲ့ မွေးမြူထိန်းကျောင်းဖို့ အပ်ထားတဲ့ နွားနောက်တွေနဲ့ ပတ်သက်ပြီးလည်း မွေးမြူရေးနဲ့ ကုသရေးဌာနက Non CDM ဝန်ထမ်းတွေရဲ့ စွက်ဖက် ပြောဆိုတာကို အလေးမထားဖို့လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာပါတယ်။

ဒီနွားနောက်တွေကို အန်အယ်လ်ဒီအစိုးရလက်ထက်က ဒေသခံတွေဆီမှာ မွေးမြူထိန်းကျောင်းဖို့ အပ်ထားတာဖြစ်ပြီး အခုတော့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပိုင်အဖြစ် သိမ်းဆည်းလိုက်ပြီဖြစ်သလို မွေးထားသူတွေအနေနဲ့လည်း ကိုယ်ကျိုးအတွက် မသုံးကြဖို့ အသိပေးထားပါတယ်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ပြီးနောက်ပိုင်း ပထမဆုံးဖွဲ့စည်းခဲ့တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေထဲက တခုဖြစ်ပါတယ်။

1 min Ago
Up