close

ခြေမြန်တပ်မ ၉၉

close

March 9, 2023

မလှိုင်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ဖမ်းဆီးခံရပြီးနောက် သတင်းအစအန ပျောက်ဆုံးနေ

မလှိုင်မြို့နယ်ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်းရဲဘော်ကို မလှိုင်မြို့နဲ့ မိတ္တီလာမြို့ကြားမှာ ၂၀၂၂ ခုနှစ် မတ်လ ၇ ရက်က စစ်ကောင်စီတပ် မတရားဖမ်းဆီး ချုပ်နှောင်ခဲ့ပြီး တနှစ်ကျော်ကြာတဲ့အထိ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မလှိုင်မြို့နယ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရပြီး မိတ္တီလာ ခြေမြန်တပ်မ ၉၉ ထဲကို ခေါ်ဆောင်သွားပြီး ရက်ပေါင်း ၂၀ ကျော်ကြာ မိသားစုနဲ့ အဆက်သွယ်ရရှိခဲ့ပေမဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၂ ရက်ကစပြီး တပ်ထဲကနေ ထောင်ကို လွှဲပြောင်းလိုက်ပြီဆိုတဲ့ သတင်းကလွဲပြီး အခုအချိန်ထိ ဘာသတင်းအစအနမှ မရရှိတော့ကြောင်း သိရပါတယ်။

“ကျနော်တို့ရဲဘော်ရဲ့ အခြေအနေကို အမြန်ဆုံးသိချင်တယ်။ ဒါမှလည်း ကျနော်တို့ရဲဘော်ရဲ့ ကျန်းမာရေးအခြေအနေ သိရမှာ။ နောက်ပြီး ထောင်ဝင်စာပို့ပေးနိုင်မှာပါ။ အဖွဲ့ချုပ်အနေနဲ့ အဖွဲ့ချုပ်ရဲဘော်တယောက်ကို ဖမ်းသွားတယ်၊ သတင်းအစအနဖျောက်တယ်၊ အကြမ်းဖက် စစ်အုပ်စုကို တော်လှန်ရင် ဒီလိုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့သဘောပဲလို့ ယူဆပါတယ်။ ဗကသများအဖွဲ့ချုပ်ရဲ့ ဆောင်ပုဒ်တခုဖြစ်တဲ့ ‘အတက်ရိုက်ချိုး၊ အတောင်ကျိုးသော်၊ အရိုးထတွန်ပါလိမ့်မည်’ ဆိုတဲ့အတိုင်း တယောက်အဖမ်းခံရရင် နောက်ထပ်နှစ်ယောက် ဆက်ပေါ်လာပြီး ဆက်ပြီးတော်လှန်နေဦးမှာပါပဲ” လို့ မလှိုင်မြို့နယ် ကျောင်းသားများသမဂ္ဂက ဒီဗွီဘီကို ပြောပါတယ်။

မလှိုင်မြို့နယ်ကျောင်းသားများသမဂ္ဂအနေနဲ့ ဥက္ကဋ္ဌဟောင်းရဲဘော်ရဲ့ နိုင်ငံရေးအကျဥ်းသား အခွင့်အရေး၊ ကျန်းမာရေး စတဲ့ကိစ္စတွေအတွက် အလွန်စိုးရိမ်ကာ သူရောက်ရှိနေတဲ့နေရာကို အမြန်ဆုံးသိရှိလိုပြီး ဖမ်းဆီးခံရချိန်အတွင်း ဖြစ်ပျက်သမျှကို စစ်အုပ်စုဘက်က တာဝန်ယူရလိမ့်မယ်လို့ ထုတ်ပြန်ထားပါတယ်။

1 hour Ago

December 9, 2022

စရဖရုံးနဲ့ စစ်ကောင်စီ ခြေမြန်တပ်မ ၂ ခုကို ယူကေအစိုးရက ပိတ်ဆို့ဒဏ်ခတ်အရေးယူ

တပ်မတော်အမည်ခံ မြန်မာအကြမ်းဖက်စစ်တပ် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး၊  ခြေမြန်တပ်မ ၃၃ နဲ့ ခြေမြန်တပ်မ ၉၉ တို့ကို ယူကေအစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ကြောင်း ဒီဇင်ဘာ ၉ ရက်မှာ ကြေညာပါတယ်။ 

ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့ကို လေးစားသမှုပြုရင်း ယူကေအစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်ကို နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ထပ်မံ ချမှတ်လိုက်တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အခု ပိတ်ဆို့ဒဏ်ခတ်ခံရတဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးဟာ  နိုင်ငံရေးလှုပ်ရှားသူတွေကို စစ်ကြောရေးလုပ်ရာမှာ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် ညှဉ်းပန်းနှိပ်စက်မှုတွေကို အဓိကကျူးလွန်သူဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ခြေမြန်တပ်မ ၃၃ နဲ့ ၉၉ တို့ဟာလည်း ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လိင်အကြမ်းဖက်တာ အပါအဝင် တခြားအကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

ယူကေနိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလဲဗာလီက “လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး ကဏ္ဍတွေမှာ ယူကေနိုင်ငံက ဉီးဆောင်သူဖြစ်အောင် လုပ်ပြနိုင်တာကို ကျနော့်အနေနဲ့ ဂုဏ်ယူမိပါတယ်။ ကျနော်တို့ မှန်တယ်လို့ ယုံကြည်တဲ့အရာတွေအတွက် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မားမားမတ်မတ် ရပ်တည်နေပါတယ်။ ကျနော်တို့ရဲ့ အခြေခံကျတဲ့ လူ့အခွင့်အရေးတွေက ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရပါတယ်၊ အဲဒီချိုးဖောက်မှုတွေရဲ့ နောက်ကွယ်က သူတွေကို တာဝန်ခံစေဖို့၊ အရေးယူနိုင်ဖို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနှင့် ဆက်လက်လုပ်ဆောင်သွားပါမယ်။ ဒီလိုမျိုး ကျယ်ပြန့်တဲ့ တုံ့ပြန်လုပ်ဆောင်မှုတွေကတဆင့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု အပါအဝင် တခြားမြောက်မြားစွာသော ရက်စက်ကြမ်းကြုတ်မှုတွေကို ရွံရှာထိတ်လန့်ဖွယ် ကျူးလွန်နေတဲ့သူတွေကို ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်”လို့ ထုတ်ပြန်ချက်မှာပြောပါတယ်။

နိုင်ငံတကာမိတ်ဖက်နိုင်ငံတွေနဲ့ ညှိနှိုင်းပြီး ပူးပေါင်းပြုလုပ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ကမ္ဘာတဝန်းရှိ အကျင့်ပျက်ခြစားသူတွေ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ လိင်အကြမ်းဖက်မှု ကျူးလွန်သူတွေကို ပစ်မှတ်ထားအရေးယူတဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးယူတုံ့ပြန်မှုပုံစံကြီး တခုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ယူကေအစိုးရက ဆိုပါတယ်။

မြန်မာနိုင်ငံ စစ်အုပ်စုဝင် လူပုဂ္ဂိုလ် အယောက် ၃၀ နဲ့ အဖွဲ့အစည်း ၂၃ ခုကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေအဖြစ် ယူကေအစိုးရက ဒဏ်ခတ်ပိတ်ဆို့ထားပြီး ဖြစ်ပါတယ်။

3 months Ago
Up