close

ခြံလုပ်သား

close

March 28, 2023

ကျိုက်ထိုတွင် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ခြံလုပ်သား ၂ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မဲရုံလေးကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက်ကြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ဒေသခံခြံလုပ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မနေ့ မတ် ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီမှာ ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီ မရမ်းချောင်းအမြဲတမ်း စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ သွားရောက် တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုပြီးနောက် မရမ်းချောင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အဲဒီနေ့ ည ၇ နာရီအချိန်လောက်မှာ မဲရုံလေးကျေးရွာထဲကို လက်နက်ကြီး ၁၀ ချက်ထက်မနည်း ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ မဲရုံကျေးရွာရှိ စိုက်ပျိုးရေးခြံတခုထဲ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံခြံလုပ်သား အသက် ၂၂ နှစ်အရွယ် မောင်လျှံထက်အောင် အခင်းဖြစ်ရာ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ပြောပါတယ်။

အဲဒီနောက် ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံခြံလုပ်သား ၆ ဦးကို ကျိုက်ထိုမြို့နယ်ဆေးရုံ ပို့ဆောင်စဉ် အသက် ၂၄ နှစ်အရွယ် စောနောင်ဟာ ဆေးရုံမှာပဲ ထပ်မံ သေဆုံးသွားခဲ့ပါတယ်။

လက်ရှိမှာတော့ လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရရှိထားတဲ့ ဒေသခံတွေကို ကျိုက်ထိုမြို့နယ်နဲ့ သထုံခရိုင်ပြည်သူ့ဆေးရုံတွေကို ပို့ဆောင်ကုသထားတယ်လို့ သိရပါတယ်။

မရမ်းချောင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တဲ့အတွက် စစ်ကောင်စီတပ်က ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ မဲရုံလေးကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်နယ်မြေထဲမှာ ပါဝင်ပြီး ကရင်လူမျိုးအများဆုံး နေထိုင်တဲ့ ကျေးရွာ တစ်ခု ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်နယ်မြေတွေ ဖြစ်တဲ့ ကျိုက်ထို၊သထုံ၊ဘားအံနဲ့ ဘီးလင်းမြို့နယ်တို့မှာတော့ အခုလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၇ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရှိထားတယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

9 hours Ago

February 5, 2023

ရေးမြို့နယ်၌ ရေတွင်းထဲဆင်းသည့် ခြံလုပ်သား ၁ ဦး အောက်ဆီဂျင်ပြတ်ပြီး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအုပ်စု၊ ရွာသာယာရပ်ကွက်က ကျိုက်ဝယ်နွဲသွားလမ်းဘေးခြံထဲက ရေတွင်းမှာ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က ခြံလုပ်သား အမျိုးသားတယောက်  အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

အသက် ၅၂ နှစ်ရှိ ဦးတင်ဦးဟာ အနက် ပေ ၂၀ ရှိ ရေတွင်းထဲ ရာဘာသစ်တုံး ဆင်းဆယ်ရာက အောက်ဆီဂျင် ပြတ်သေဆုံးသွားတာဖြစ်ပြီး အလောင်းကို ၁ နာရီကျော်ကြာ ဆင်းဆယ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးတင်ဦးဟာ ခြံလုပ်သားလည်းဖြစ်သလို တခြားမြို့ကနေ လာရောက်လုပ်ကိုင်တဲ့ ရွှေ့ပြောင်း လုပ်သားတယောက်လည်း ဖြစ်ပြီး သူရဲ့ ရုပ်အလောင်းကို လမိုင်းပြည်သူ့ဆေးရုံကို ပို့ဆောင် ထားတယ်လို့ သိရပါတယ်။

ရေးမြို့နယ်ထဲမှာ ရာဘာဥယျာဥ်ခြံလုပ်ငန်းနဲ့ ပင်လယ်ရေလုပ်ငန်းတွေမှာ တခြားနယ်တွေက လာရောက်လုပ်ကိုင်ကြတဲ့သူတွေအနက် ပင်လယ်ငါးဖမ်းလုပ်ငန်းခွင်မှာ ရွှေ့ပြောင်းလုပ်သားတွေ အများဆုံးဖြစ်ပါတယ်။

2 months Ago
Up