close

ဂင်းနစ်စံချိန်တင်

close

February 7, 2023

ထိုင်းနိုင်ငံတွင် မွေထိုင်းလက်ဝှေ့သမားများစုဝေးသရုပ်ပြပြီး ဂင်းနစ်စံချိန်တင်

ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီရီကန်ခရိုင်မှာ ဖေဖော်ဝါရီ ၆ ရက်က ထိုင်းရိုးရာလက်ဝှေ့နေ့အထိမ်းအမှတ် အခမ်းအနားတရပ်မှာ မွေထိုင်းလက်ဝှေ့သမား အယောက် ၃,၆၆၀ လာရောက်စုဝေးခဲ့ပါတယ်။

အဲဒီနောက် မွေထိုင်း သရုပ်ပြကစားမီ ဆရာတွေ၊ မိဘတွေ၊ ဘိုးဘေးတွေကို ရိုသေလေးစားကြောင်းပြသတဲ့ ဝိုင်ခရူလို့ခေါ်တဲ့ အကကို စုရုံးကခုန်ရင်း ဂင်းနစ်ကမ္ဘာ့စံချိန်သစ် တင်ခဲ့ပါတယ်။

ဒီလူစုလူဝေးလိုက် စွမ်းဆောင်ခဲ့ကြတဲ့ လက်ဝှေ့သမားတွေကို ထိုင်းမွေထိုင်းချန်ပီယံ ဆုံမ်ဘတ် ဘန်ချာမက်ခ်က ဦးဆောင်ခဲ့ပါတယ်။

ဝိုင်ခရူ ကန်တော့ပွဲအတွက် အရင်စံချိန်က လူအယောက် ၂၅၀ ဖြစ်တယ်လို့ ဂင်းနစ် အကဲဖြတ်လူကြီး ကာဇာယိုရှိ ခိရိမူရက ပြောပါတယ်။

မွေထိုင်း လက်ဝှေ့သမားတွေဟာ ပြိုင်ဘက်ကို လက်သီး၊ တံတောင်၊ ဒူး၊ ခြေထောက်တွေနဲ့ တိုက်ခိုက်ဖို့ ခွင့်ပြုထားလို့ ခြေလက်အင်္ဂါ ရှစ်ချက်ပါတဲ့ အနုပညာလို့လည်း မွေထိုင်း ကိုယ်ခံပညာကို လူသိများပါတယ်။

ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၆ ရက်ဟာ မွေထိုင်းနေ့ဖြစ်ပြီး ကျားမင်းလို့ အဓိပ္ပာယ်ရတဲ့ ဖရာ့ချောင်ဆူအာလို့ သိကြတဲ့ အဋ္ဌမမြောက်ဘုရင်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူနန်းတက်တဲ့ ၁၇၀၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်ကိုယူပြီး အမှတ်တရ ကျင်းပတာလည်း ဖြစ်ပါတယ်။

4 mins Ago

May 30, 2022

ဂင်းနစ်စံချိန်တင် ကမ္ဘာ့အရှည်ဆုံး မှန်ခင်းတံတား ဗီယက်နမ်တွင် ဖွင့်လှစ်

ကမ္ဘာ့အရှည်ဆုံး မှန်ခင်းထားတဲ့တံတားကို ဗီယက်နမ်နိုင်ငံ၊ စန်လာမြို့မှာ မေ ၂၈ ရက်က အများပြည်သူအတွက် ဖွင့်လှစ်ပေးလိုက်ပါပြီ။

နဂါးဖြူလို့ နာမည်ပေးထားတဲ့ မှန်ခင်းတံတားဟာ ၂၀၇၃ ​ပေ ရှည်ပါတယ်။ တချိန်တည်းမှာ လူအယောက် ၄၅၀ ကို ထိန်းထားနိုင်ပြီး မီလီမီတာ ၄၀ ထူတဲ့ ထုတ်ချင်းခတ် မြင်ရတဲ့ မှန် ၃ လွှာနဲ့ တံတားအောက်ခြေကို ခင်းထားပါတယ်။

၄၉၂ ပေ နက်တဲ့ တောင်ကြားကို ဖြတ်ပြီး ၁၁၂၂ ပေ ရှည်တဲ့ ချောက်ကမ်းပါးကို ပတ်ရင်း တောင်ထိပ် ၂ ခုကို ဆက်သွယ် ချိတ်ဆက်ထားတဲ့ တံတားပါ။

တံတားဖွင့်ပွဲနေ့မှာ ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့ ကိုယ်စားလှယ် တက်ရောက်ပြီး အသိအမှတ်ပြု လက်မှတ်ကို လွှဲပြောင်းပေးအပ် ခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်အတွင်း ဆောက်လုပ်ထားတဲ့ အရှည် ၁၇၂၆ ပေ ရှိတဲ့ မှန်ပြားအခင်း တံတားဟာ ကမ္ဘာ့အရှည်ဆုံး မှန်ခင်းတံတားအဖြစ် အရင်က မှတ်တမ်းတင်ခံရဖူးပါတယ်။

8 months Ago
Up