မကွေးတိုင်းဒေသကြီး ဂန့်ဂေါနဲ့မြိုင်မြို့နယ်တွေမှာ ဒီဇင်ဘာလ ၃၀ ရက်က စစ်ကောင်စီ တပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးသူ ရှိနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။
ဂန့်ဂေါမြို့ကနေ ကလေးမြို့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဥ်တန်းကို မနေ့က မနက်ပိုင်းမှာ PDF-ဂန့်ဂေါ တပ်ခွဲ(၇) နွေဦးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက်အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ PDF-ဂန့်ဂေါရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် ဂန့်ဂေါကလေး ကားလမ်းမှာဘဲ မနေ့ကညနေပိုင်းမှာ စစ်ကောင်စီယာဥ်တန်းကို PDF-ဂန့်ဂေါ တပ်ခွဲ(၂၅)က စွန်ရဲ အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၉ ယောက်အပြင်းထန် ဒါဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
ဂန်ဂေါမြို့နယ်နှမ်းခါးရွာမှာ ဒီဇင်ဘာ ၂၉ ရက်က ညအိပ်တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ယောက်ကို သတ်ဖြတ်ပြီး စပါးကျည်ထဲမှာ မြှုပ်ကာ မီးရှို့သွားခဲ့ကြတယ်လို့ နှမ်းခါးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ အသက် ၆၀ အရွယ်ရှိတဲ့ စကားမပြောတတ်တဲ့ စိတ်ဝေဒနာရှင် အမျိုးသား တစ်ယောက်ကိုလည်း ရိုက်နှက်နှိပ်စက်သွားတာကြောင့် ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။
နှမ်းခါးကျေးရွာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီးတော့ အိမ်ထဲက ပစ္စည်းတွေကို ခိုးယူသွားသလို ပြည်သူတွေမွေးမြူထားတဲ့ ကြက်၊ဝက်တွေကိုလည်း သတ်ဖြတ်စားသောက်သွား ကြတယ်လို့ပြောပါတယ်။
နှမ်းခါးကျေးရွာကို စစ်ကောင်စီတပ်တွေက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာကြောင့် ဒေသခံပြည်သူ ၉ ယောက် ကျဆုံးခဲ့ရသလို နေအိမ်တွေကိုလည် ၅ ကြိမ်လောက် မီးရှို့ ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၇၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
မြိုင်မြို့နယ် ပုသိမ်-မုံရွာ ကားလမ်းမှာ မနေ့က ညနေ ၃ နာရီလောက်က မြိုင်ကနေ လင်းကတောဘက်ကိုသွားတဲ့ ရဲတွေလိုက်ပါလာတဲ့ လိုက်ထရက်ကားကို မြိုင်ဂဠုန်ပြောက်ကျား တပ်ဖွဲ့က ဗိုလ်ဂျီဝိုင်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ဂဠုန်ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
စစ်ကောင်စီတပ်တွေဘက်က ပြန်လည်ပစ်ခတ်ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။