close

ဂန့်ဂေါနှင့်မဘိမ်း

close

October 7, 2022

ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပွဲ ဂန့်ဂေါနှင့်မဘိမ်းမြို့နယ်တို့တွင် ကျင်းပ

၅၅ ကြိမ်မြောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွေကို မကွေးတိုင်း ဂန့်ဂေါမြို့နယ် နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ကြားကာလ ကျောင်းသား/ကျောင်းသူတွေကို ကမ္ဘာ့ဆရာများ နေ့အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ ကျင်းပပေးခဲ့တယ်လို့  ဂန့်ဂေါမြို့နယ် ယာယီပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကိုကျောင်းအဆင့်ကို အောက်တိုဘာ၁ရက်နှင့် အုပ်စုအဆင့်ကို အောက်တိုဘာ ၃ ရက်ကျင်းပပြီး ပ၊ဒု၊တရရှိသူတွေကို မြို့နယ်အဆင့်မှာ တခါတည်းစစ်ဆေးပေးလိုက်ပါတယ်။ မြို့နယ်အဆင့် ပ၊ဒု၊တ ရရှိသူတွေကို ပညာရေးဝန်ကြီးရဲ့ လက်မှတ်ပါသော ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်မှာဖြစ်ပါတယ်။ အုပ်စုအဆင့် ပ၊ဒု၊တ ရရှိသူတွေ ကိုတော့ ပညာရေးဘုတ်အဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်မှာဖြစ်ပါတယ်။"

ဂန့်ဂေါမြို့နယ် ကြားကာလယာယီပညာရေးကျောင်းမှာ KG မှ Grade 11 ထိ ကျောင်းသား /ကျောင်းသူ  ၁၁၈၂၈ ဦးကို CDM နဲ့ Volunteer ဆရာ/မပေါင်း ၁၂၀၉ ဦးက သင်ကြားနေပါတယ်။ 

အောက်တိုဘာ ၅ ရက်က မဘိမ်းမြို့နယ် S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က ထောက်ပံ့ထားတဲ့ CDM ကျောင်းမှာ  ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။

CDM ကျောင်းက အလယ်တန်းနဲ့ အထက်တန်းမှ ကျောင်းသားကျောင်းသူ ၄၀ ဟာ “ဆရာ နဲ့ ကျွန်တော်” ခေါင်းစဉ်ဖြင့် စာစီစာကုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ S&C မှ ကိုစိုးမိုးအောင်က ပြောပါတယ်။

မဘိမ်းမြို့ရှိ CDM ကျောင်းကို  ဇွန်လက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး  လက်ရှိအချိန်အထိ ဆရာ၊ ဆရာမ ၁၄ ဦးက ကျောင်းသားကျောင်းသူ ၁၈၀ ကို  ပညာသင်ကြားနေတယ်လို့ ဆိုပါတယ်။

1 min Ago
Up