close

ဂန့်ဂေါမြို့နယ်တိုက်ပွဲ

close

December 3, 2022

ဂန့်ဂေါမြို့နယ်တိုက်ပွဲ၌ စစ်တပ်က ၉ ဦး သေဆုံး၊ ၁၀ ဦးခန့် ဒဏ်ရာရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ဒီဇင်ဘာ ၁ ရက် ညနေက စစ်ကောင်စီ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့  ၉ ယောက် သေဆုံး၊ ၁၀ ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့က သိရပါတယ်။

ဂန့်ဂေါမြို့ကနေ နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းက ထွက်လာတဲ့ ခလရ- ၅၀ စစ်ကြောင်းကို ပျားရွာနဲ့ အောင်မြင်ရွာကြားက တံတားအရောက်မှာ စလစ်ပြောင်းတွေ၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ တာလို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုတိုးကြီးက ပြောပါတယ်။

အဲဒီစစ်ကြောင်းကိုပဲ ဒီဇင်ဘာ ၁ ရက် ညနေ ၂ နာရီ ၄၅ မိနစ်လောက်က မင်းရွာတံတားနားမှာ အသင့်စောင့်ကာ ပဒေသာမိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ အလောင်း ၉ လောင်းနဲ့ ဒဏ်ရာရသူ ၁၀ ယောက်လောက်ကိုလည်း ဆွဲသွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ကိုတိုးကြီးက “စစ်ကောင်စီဘက်က ရဟတ်ယာဥ်တစီး ဒီဇင်ဘာ ၂ ရက်နေ့ နေ့လယ်ပိုင်းမှာ မင်းရွာမှာဆင်းပြီး အလောင်းတွေနဲ့ လူနာတွေကို လာသယ်သွားတယ်။ ရဟတ်ယာဥ် မဆင်းခင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်သေးတယ်”လို့ ပြောပါတယ်။

အဲဒီစစ်​ကြောင်းဟာ ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းမှာ မင်းရွာရဲစခန်းကနေ ဂန့်ဂေါမြို့ဘက်ကို ပြန်ထွက်သွားတယ်လို့ သိရပါတယ်။

ပျားရွာနဲ့ အောင်မြင်ရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြပေမဲ့ အခု စစ်ကြောင်းပြန်ထွက်သွားလို့ ရွာထဲကို ပြန်ဝင်နေကြပြီလို့  ဒေသခံတချို့က ပြောပါတယ်။

တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်း မထုတ်ပြန်ပါဘူး။

3 hours Ago

October 23, 2022

ဂန့်ဂေါမြို့နယ်တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ကန်ရွာကနေ ဂန့်ဂေါမြို့ပေါ်ကို ပြန်လာတဲ့ တပ်မ ၅၅ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကျွဲနန်းရွာအနီးမှာ အောက်တိုဘာ ၂၂ ရက်‌က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါ PDF ကပြောပါတယ်။

လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တနာရီနီးပါး အပြန်အလှန်ပစ်ခတ်ခဲ့ကြရမှာ ယောဒေသ ကာကွယ်ရေးတပ်ဘက်က ရဲဘော် နှစ်ယောက် ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဂန့်ဂေါ PDF တာဝန်ရှိသူတဦးက "ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းက တပ်ခွဲမှူးက ကျနော်တို့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေကို ဦးစီးတာ။ CDF-KKG၊ ပကဖ၊ ABSDF၊ စုစုပေါင်း ကျနော်တို့ဘက်က အင်အား ၆၀ လောက်နဲ့ဝင်တိုက်ခဲ့တာ။ စစ်‌ကောင်စီဘက်က ခန့်မှန်းအင်အား ၁၀၀ ဝန်းကျင်တော့ရှိတယ်။ သူတို့ဘက်ကတော့ ထိခိုက် ကျဆုံးမှုတော့ရှိနိုင်တယ်။ အတည်ပြုလို့မရနိုင်သေးဘူး။ ကျနော်တို့ဘက်ကတပ်ရင်းက ရဲဘော် နှစ်ဦးက တဦးက  ဘယ်လက်ဖျံ၊ တဦးက ဘယ်ပခုံးမှာ  ဒဏ်ရာတွေရသွားကြတာ။"

အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ် ကန်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ရှစ်ယောက် ကျဆုံးပြီး  ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာ ဂန့်ဂေါနယ်မြောက်ပိုင်းကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီက ဂန့်ဂေါနယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး သတင်းအမှောင်ချထားတာ တနှစ်ကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

1 month Ago
Up