မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်က အဆက်မပြတ် စစ်ကြောင်းထိုးမှုကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ ဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီလိုအပ်နေပါတယ်။
အဆိုပါ စစ်ဘေးရှောင်ပြည်သူ ၅၀၀ ကျော်ကို ဂန့်ဂေါ PDF တပ်ဖွဲ့က ဆေးဝါးစောင့်ရှောက်မှုပေးတာ၊ စားနပ်ရိက္ခာ ကူညီပေးတာနဲ့ နေအိမ်မီးရှို့ခံရတဲ့အတွက် တအိမ်လုံး ပစ္စည်းတွေအားလုံး ဆုံးရှုံးသွားတဲ့ စစ်ဘေးရှောင်မိသားစု ၁၁ စုကို နေအိမ်အသုံးအဆောင်ပစ္စည်းတွေ ပေးလှူခဲ့တယ်လို့ ဂန့်ဂေါ PDF တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
“ဂန့်ဂေါမြို့မြောက်ဘက်က မောက်ရွာက စစ်ရှောင်တွေများပြီးတော့ လက်ပန်ရွာ၊ ရွှေတောင်ရွာနဲ့ တောင်ယာပြင်ရွာက စစ်ရှောင်တွေလည်း ပါပါတယ်ဗျ။ ကျနော်တို့တပ်ဖွဲ့က ဆန်၊ ဆီနဲ့ အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေးခဲ့တာပါ။ စစ်ဘေးရှောင်များ လုံခြုံရေးအတွက်လည်း ကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့က လုံခြုံရေးယူပေးလျက် ရှိပါတယ်။”
လတ်တလောမှာ ဂန့်ဂေါနယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေပြီး ဒေသခံကျေးရွာတွေမှာ တပ်စွဲနေထိုင်ကာ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလည်း ပြုလုပ်နေပါတယ်။
ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁,၀၀၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားပြီး အကူအညီတွေ လိုအပ်နေတာပါ။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ သြဂုတ် ၁၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ ရဲတစ်ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ကနေ သိရပါတယ်။
ဂန့်ဂေါမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ရဲအင်အား ၇၀ လောက်ပါတဲ့ စစ်ကြောင်းကို သြဂုတ် ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်ကနေ မွန်းလွဲ ၂ နာရီလောက်အထိ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အိမ်သစ်ကျေးရွာနားမှာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးခဲ့တယ်လို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုတိုးကြီးက ဒီဗွီဘီကိုပြောပါတယ်။
“ကျနော်တို့ တပ်ဖွဲ့က ရဲဘော်တွေက လက်နက်ကောက်ယူဖို့ သွားပေမယ့် နောက်ကတက်လာတဲ့ စစ်(...)တွေက စက်သေနတ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်လို့ နောက်ပြန်ဆုတ်ခဲ့ရပြီး ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စစ်(...)အနည်းဆုံး ၁၀ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်။”
စစ်ကောင်စီဘက်က ရဲတပ်သားတယောက် ထွက်ပြေးလာလို့ ကျည်ဆံအတောင့် ၅၀ နဲ့အတူ အရှင်ဖမ်းဆီးရမိကာ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး စစ်ဆေးမေမြန်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်လို့ နွားကျောင်းသား တယောက် လက်နက်ကြီး ထိမှန်သေဆုံးကာ ခေါက်ခူရွာက သားအဖ ၂ ယောက်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးသွားကြတယ်။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ ဘက်က ရဲဘော်တယောက် လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ပေမယ့် ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘူး” လို့ ကိုတိုးကြီးက ပြောပါတယ်။
အဲဒီတိုက်ပွဲကို PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့၊ YPDF၊ YDF၊ CDF-KKG နဲ့ ဂန့်ဂေါ ပ.က.ဖ နဂါးညီနောင်အဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကိုလည်း သြဂုတ် ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အနီးကပ်တိုက်ခိုက်ခဲ့လို့ ရဲအများအပြား ထိခိုက်သေဆုံးနိုင်တယ်လို့ သိရပါတယ်။
တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။