မြန်မာပြည်အမှောင်ထုကို ထိုးဖောက်လို့ PDF တွေပေါ်လာခဲ့။ မြေလွှာထုကို လွန်းထိုးထွက်လာတဲ့ ရွှေမျှစ်စို့ပေါက်ကြီးလို ‘ငါလည်းမင်းလောင်းထီးဖြူဆောင်း’ မယ့် ဖြူစင်ရှင်းသန့်တဲ့ မှိုပွင့်တွေ လွတ်လပ်တဲ့ကောင်းကင်ဆီ ဦးတည် ပေါ်ထွက်နေသလိုပေါ့။ ငွားငွားစွင့်စွင့် ဆန်းတင့်လို့ နေပါတယ်။ အောင်ပွဲအလီလီနွှဲရင်း ပြည်သူ့နှလုံးသားမှာငြိတွယ် တွယ်နှောင်ဖွဲ့လို့။ ‘စစ်မိစ္ဆာ’ ရဲ့ တရားမဲ့ အဓမ္မပြုကျင့်ခံနေရတဲ့ အားကိုးရာမဲ့လူထုကို အကာအကွယ်ပေးမှုတွေက နွေးထွေးလုံခြုံလှပေါ့။ မျှော်လင့်ချက်ရောင်ခြည်ဦးကို မြင်တွေ့လိုက်ရသလိုပါပဲ။
မြန်မာပြည်သူတွေ ကယ်တင်ဖို့ ‘ပီဒီအက်ဖ်’ တို့ စစ်ထွက်ရဦးမယ်။ ပြည်သူအားလုံး စစ်မိစ္ဆာကျွန်ဘဝက လွတ်မြောက်ဖို့ ပီဒီအက်ဖ်တို့ စစ်ထွက်ရဦးမယ်။ တရားစစ်ကို ဆင်နွှဲဖို့ စစ်ထွက်ရဦးမယ်။ အောင်မြင်ပါစေကြာင်း ပန်းသပြေနဲ့ ညောင်ရေလောင်းလို့ ပြည်သူအပေါင်းက ဆုတောင်းနေကြလေရဲ့။ ပီဒီအက်ဖ်အပေါင်း အန္တရာယ် ကင်းရှင်းပါစေကြောင်း မေတ္တာလောင်းလို့ ဆုမွန်ကောင်းခြွေ တောင်းဆုဝေနေကြလေရဲ့။ တို့က ဒါပဲတတ်နိုင်ပေတာကိုး။
စစ်မိစ္ဆာနင်းခြေဖျက်ဆီးမှုကြောင့် တိမ်းစောင်းတဲ့ လောကကြီးကို တည့်မတ်ကြရဦးမယ်။ လွတ်လပ်ခြင်း၊ ညီမျှခြင်း မေတ္တာလွှမ်းခြုံ ချမ်းမြေ့ငြိမ်းအေးခြင်းတို့အတွက် လောကကို ပြုပြင်ကြရဦးမယ်။ တရားဥပဒေစိုးမိုးရေးအတွက်၊ မွေးရာပါ လူ့အခွင့်အရေးအတွက်၊ တဦးချင်း လွတ်လပ်ခွင့်တွေအတွက် လမ်းခင်းပေးကြရဦးမယ်။ တဦးတယောက် တသင်းတဖွဲ့ကစပြီး ခိုနားရာ ပြည်သူအားလုံး စစ်မိစ္ဆာကျွန်ဘဝက လွတ်မြောက်လုံခြုံဖို့ အတွက် ပီဒီအက်ဖ်တို့ စစ်ထွက်ရပေဦးမယ်။ အောင်ပွဲနဲ့အတူ ပြန်လာချိန်ဟာ ပြည်သူ့တို့ လွတ်မြောက်ချိန်ခါကောင်းကို ရောက်ပါပြီ။
စစ်ထွက်ကြမယ့် ပီဒီအက်ဖ်အပေါင်းတို့။ ပြည်သူ့နှလုံးသားကို အမြဲဆောင်ထားကြပါ။ ဒါဟာ ဘယ်တော့မှ မမှားနိုင်တဲ့ လက်တွဲဖော်တွေဖြစ်တယ်။ စစ်မြေပြင်ရောက်ချိန်တိုင်း ‘သတိတမံ ဉာဏ်မြေကတုတ်’ ဆိုတဲ့ ဆောင်ပုဒ်ကို ‘အန္တရာယ်ကင်း ဂါထာတပုဒ်’ လို ကိုယ်နဲ့မကွာ အမြဲကပ်လို့ တိုက်ပွဲဝင်ပါလေ။ အောင်မြင်မှုတွေ ရောက်ပါလိမ့်မယ်။
အမောင်စစ်သည်တော်တို့..။ ဗိုလ်ချုပ်ကြီး မက်အာသာက သူ့စစ်သားတွေကို “Duty, honor, country, တာဝန်၊ သစ္စာ၊ နိုင်ငံတော်’ ဆိုတာကို စစ်သားရဲ့ ရတနာသုံးပါးလို အမြဲနှလုံးသွင်းထားကြဖို့ မှာကြားခဲ့တယ်။ ရဲဘော်တို့မှာ ဒီစိတ်ဓာတ်က ကိန်းဝပ်နေပြီးသားမို့ အထူးမှာစရာမလို။ ပြည်သူရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို ကာကွယ်ပြုဖို့ ဦးတည်ချက်နဲ့ တော်လှန်စစ်ကို ဆင်နွှဲကြတာ ပြည်သူအားလုံး သိနားလည်ပြီးဖြစ်တယ်။ ဒါကြောင့် ပြည်သူနဲ့ နိုင်ငံတော်အပေါ် အလိုလိုသစ္စာစောင့်သိပြီးဖြစ်သလို ကိုယ်တိုင်ယူခဲ့တဲ့ တာဝန်ဖြစ်တဲ့ အတွက်လည်း မကျေပြွန်စရာမရှိ။ ပကတိ အသိဖြစ်နေတာကြောင့်ပါပဲ။ ဤသည်ပင် တော်လှန်ရေးရဲဘော်ကောင်းတယောက် ကျင့်ထုံးပေပ။
ဒီတာဝန်ဟာ ဘယ်သူတဦးတယောက်ကမှ ပေးအပ်ထားတဲ့ တာဝန်မဟုတ်။ ကိုယ်တိုင် အသိစိတ်နဲ့ ကိုယ်တိုင်ယူခဲ့တဲ့ တာဝန်သာ ဖြစ်တယ်ဆိုတာ ဘယ်တော့မှ မမေ့ပါစေနဲ့။ နိုင်ငံသားကောင်းတယောက်အတွက် သည့်ထက် မွန်မြတ်တဲ့စိတ်မျိုး ရှိနိုင်မည်မဟုတ်။ အဲ့ဒီစိတ်ဓာတ်ကပဲ ရဲဘော်တို့ရဲ့ ကိုယ်ကျင့်တန်ဖိုးတခုကို သတ်မှတ်ပေးပြီး ဖြစ်နေတယ်။ ဒီစိတ်ကပဲ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ကို အခြေခံပြီး အခက်အခဲ အကျပ်အတည်းကို ကျော်ဖြတ်နိုင်အောင် စွမ်းဆောင်ပေးပါလိမ့်မယ်။ စစ်မုန်တိုင်းကြားမှာ မားမားမတ်မတ် ရပ်တည်နိုင်အောင် ကူထောက်ပေးပါလိမ့်မယ်။
ဒီအချိန်မှာအဆုံးအဖြတ်တခုရဲ့ ဆုံမှတ်ရောက်တိုင်း သွေးကွဲရေးနဲ့ သွေးခွဲရေးလှိုင်းတွေ ထန်ပြင်းရိုက်ခတ်တတ်တာ သတိရှိဖို့လိုတယ်။ ရန်သူဟာ ပုံသဏ္ဌာန်မျိုးစုံနဲ့ ချဉ်းကပ်လာမှာဖြစ်တယ်။ မထင်မှတ်ချိန်မှာ ခရာတုတ် မောင်းတွေထုပြီးလည်း အုံနဲ့ကျင်းနဲ့ ခြိမ်းခြောက်ဝင်ရောက်တတ်သလို သာယာနာပျော်ဘွယ် ပုလွေမှုတ်၊ တယောထိုးလို့လည်း ဝင်လာတတ်တယ်။ စည်းစိမ်ဥစ္စာ လာဘ်လာဘ ပေးမြှူပြီး ‘ရွှေပြည်အေးတရား’ ပြ ဆရာအဖြစ်နဲ့လည်း ဝင်လာတတ်တယ်။ သတိထားနိုင်မှ တော်ကာကျမယ်။
‘အနစ်နာခံကြရတော့ မင်းတို့၊ ခံစား စံစားရတော့ သူတို့’ ဆိုတဲ့ ‘သံဝေဂ’ တယောထိုးလာပြီဆိုရင် သေချာတယ်၊ ‘သွေးခွဲရေးလမ်းပေါ်က ချေးပိုးထိုးလောက်ကောင်တွေ’ ဆိုတာ မင်းမမေ့လေနဲ့။ သူတို့ကို ပြန်ပြောလိုက်စမ်းပ။ ‘ငါတို့ဟာ ကိုယ့်တာဝန်ကိုယ်ယူပြီး ကိုယ့်မောင်းကိုယ်ထုလို့ ကိုယ့်အလံကိုယ်ထောင်ရင်း စစ်မိစ္ဆာကျွန်အောက်က ရုန်းထွက်ခဲ့ကြတာ’ လို့ပေါ့။
ရဲဘော်တို့ဟာ ပြည်သူ့အတွက်၊ ဒီမိုကရေစီအတွက်၊ ဖက်ဒရယ်ပြည်ထောင်အတွက်၊ ဖက်ဒရယ်တပ်တော်ကြီးအတွက်၊ အနာဂတ်နိုင်ငံတော်ငြိမ်းချမ်းရေးအတွက်၊ စစ်မောင်းသံချီပြီး စစ်တိုက်ခဲ့ရပေမဲ့ စစ်ဝါဒီလူမိုက်တွေ မဟုတ်ကြဘူး။ စစ်ဝါဒီတွေလို ရူးသွပ်နေတဲ့ စစ်ရူးတွေ မဟုတ်ကြဘူး။ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ တလောကလုံး ချမ်းမြေ့ငြိမ်းချမ်း မေတ္တာလွှမ်းနိုင်ရေးအတွက် ကရုဏာရှေ့ထား တိုက်ပွဲဝင်ခဲ့ကြသူတွေ ဖြစ်သကွဲ့။
ပြည်သူလို့ပြောရာမှာ ပြည်တွင်းပြည်ပ စစ်ဘေးရှောင်သူအားလုံးကို ရည်ညွှန်းပြီးသား ဖြစ်ပါစေ။ စစ်မိစ္ဆာ ဘယာဘေးကြောင့်၊ ကိုယ့်ရေ၊ ကိုယ့်မြေကို စွန့်ခွာခဲ့ရသူတွေ။ အချို့ဆို နိုင်ငံမဲ့တွေ။ နိုင်ငံပါပျောက်ဆုံးနေကြသူတွေလည်း ရှိရဲ့။ သူတို့တတွေ ပြည်တော်ပြန် အခြေလှစေဖို့ဟာလည်း ရဲဘော်တို့ရဲ့အောင်ပွဲမှာ တည်နေလေရဲ့။ နိုင်ငံမဲ့သူ နိုင်ငံပြန်ရပါစေ။ နိုင်ငံတော်ရင်ငွေ့ ပြန်လည်ခိုလှုံနိုင်ကြပါစေကွယ်။
ရဲဘော်တို့ဟာ တမိတည်းပေါက်တွေ မဟုတ်ကြ။ တဖွဲ့စည်း၊ တပါတီတည်းက မဟုတ်ကြဘူး။ ဒါပေမဲ့ ရင်ခုံသံချင်း တူနေကြတယ်။ စစ်မိစ္ဆာအမြစ်ဖြတ်ရေး ဦးတည်ချက်မှာ ညီမျှနေကြတယ်။ လွတ်မြောက်ရာလမ်း ခြေလှမ်းစပြီ ဆိုကတည်းက အဖွဲ့အစည်းတွေ၊ ပါတီတွေ၊ ပုဂ္ဂလိက အခြေအနေတွေကို အိမ်တံစက်မြိတ်မှာ ချိတ်ဆွဲထားခဲ့ပြီး တိုက်ပွဲတင်ခဲ့ကြတာပဲ မဟုတ်လား။ အစွဲတွေ၊ အကွဲတွေ ဖြစ်စေတာမှန်သမျှ ရှောင်ရှားကြပြီး စစ်ရေးကျွမ်းကျင်သူ အတွေ့ကြုံရှိသူတို့ လမ်းပြရာနောက် နာခံမှုနဲ့ လျှောက်လှမ်းကြဖို့တော့ လိုပါတယ်။ စစ်ဆင်ရေးပြီးတော့ အမိန့်နေရာမှာ ညီအစ်ကိုတတွေ ပခုံးဖက်လို့ ဒိုးတူဘောင်ဘက် မေတ္တာဖက် လက်တွဲကြမြဲမဟုတ်လား။
စစ်မိစ္ဆာတို့ ဆုပ်ကိုင်ခဲ့တဲ့ မူသဘောတွေကိုပါ ခဝါချ တော်လှန်ပစ်ကြရမယ်။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်တင်ပြနိုင်ခွင့်၊ အရွယ်ရောက်သူတိုင်း ပညာသင်ကြားခွင့်၊ လူတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ခံပိုင်ခွင့်၊ လွတ်လပ်သော တရားစီရင်ပိုင်ခွင့်၊ ဥပဒေရဲ့ အစောင့်အရှောက်ကို မျှတစွာခံစားပိုင်ခွင့်၊ လွတ်လပ်စွာ ကုန်သွယ်ခွင့် စတာတွေကို နိုင်ငံသစ်နဲ့အတူ တပြိုင်တည်း အကောင်ထည်ဖော်ကြရဦးမယ်လေ။
အခုဆို ရဲဘော်တို့ဟာ အားနည်းသူ အဖိနှိပ်ခံတွေအတွက် အိပ်မောကျနေတဲ့ကမ္ဘာကြီး နိုးထလာအောင် လှုပ်နှိုးနိုင်ခဲ့ပြီ။ ရဲဘော်တို့ဟာ ချမ်းမြေ့ငြိမ်းအေးခြင်းကို လိုလားတဲ့ တည်ဆောက်ပြုပြင်လိုသူတွေ။ စစ်မိစ္ဆာဂိုဏ်းသားတွေက အဖျက်သမား၊ အကြမ်းဖက် လုယူသူတွေ။ တည်ဆောက်မွမ်းမံလိုသူတွေကသာ လောကကို ပိုင်စိုးကြရမြဲပါ။
လွတ်လပ်ရေးရောင်ခြည်ဦးဆီရောက်ဖို့ ရဲဘော်တို့ ခြေလှမ်းတိုင်းမှာ သွေးခြေဥနဲ့ နာကျင်နေတာကို သိပါတယ်။ လမ်းခုလတ်မှာ ဘဝဖြတ်ကျန်ရစ်ခဲ့ကြတဲ့ ရဲဘော်အာဇာနည် သူရဲကောင်းတို့အတွက်လည်း နာကျင်ခံစားကြရပါတယ်။ ဝမ်းနည်းခြင်းစကားလောက်နဲ့ မလုံလောက်မှန်းလည်း သိပါရဲ့။ သို့ပေမဲ့ ရှေ့ခရီးဆက်ကြရဦးမှာမို့ နာနာကျင်ကျင် နှုတ်ဆက်လို့ ခရီးဆက်ခဲ့တဲ့ ရဲဘော်တို့ ခံစားစိတ်ကိုလည်း စာနာမိပါတယ်။ ဒါဟာ အသည်းနင့်အောင် နာကျင်မယ်ဆိုတာလည်း ဘဝနဲ့ထပ်တူ ခံစားနားလည်ရပါတယ်။
တနိုင်ငံလုံး စစ်တလင်းပြင်ဖြစ်ခဲ့ပြီ။ စစ်တလင်းရဲ့ နေရာတိုင်းလိုလိုမှာ စစ်ကျွန်ဘဝက လွတ်မြောက်ဖို့ စွန့်လွှတ်ခဲ့ကြတဲ့ သူရဲကောင်း အာဇာနည်တွေ ထာဝရနားခိုဖို့ မြင့်မြတ်တဲ့မြေမှာ မြင့်မြတ်တဲ့ဘုံဗိမာန်တွေ တည်ဆောက်ကြမယ်။ ဒေသတိုင်းရဲ့ ဘုံဗိမာန်တိုင်းမှာ မမေ့မလျော့ မြတ်သောမြေအဖြစ် ဂုဏ်ပြုပွဲတော်တွေ နှစ်စဉ်ကျင်းပကြမယ်။ ဒီမြေရဲ့မြင့်မြတ်မှုကို သူတို့ပဲ သယ်ဆောင်ခဲ့တယ်ဆိုတာ မမေ့မလျော့ နှလုံးသွင်း ဂုဏ်ပြုကြတာပေါ့။
စစ်မိစ္ဆာဂိုဏ်းကို ဖြိုဖျက်ပြီးတာနဲ့ နိုင်ငံတော်သစ်ဆီ ချီတက်ကြတဲ့အခါ အချို့လည်း ကျောင်းစာသင်ခန်းထဲ ပြန်သွားကြမှာရှိသလို အချို့က စီးပွားရေးနယ်၊ လူမှုရေးနယ်၊ နိုင်ငံရေးနယ် စသဖြင့် အသီးသီး ရည်ရွယ်ရာလမ်းပေါ် လျှောက်ကြရမှာပါ။
လူ့သဘာဝမှာ ကိုယ်မကြိုက်တဲ့အလုပ်ကို ကိုယ်တိုင်ပြန်လုပ်မိတတ်ကြတယ်။ သတိထားဆင်ခြင်နိုင်မှ တော်ကာကျမယ်။ အခွင့်ထူးခံတာ မကြိုက်သူကလည်း ကိုယ်တိုင် အခြေအနေပေးလာတာနဲ့ အခွင့်ထူးခံချင်လာတတ်တယ်။ အဂတိလိုက်တာ မကြိုက်သူကလည်း အဂတိကို လုပ်လာတတ်တယ်။ ခရိုနီမကြိုက်သူကလည်း လွတ်လပ်စွာ ယှဉ်ပြိုင်မှု မပြုလိုဘဲ အာဏာရှိသူနဲ့ ချဉ်းကပ်လို့ ကြီးပွားအောင် ကြံဆောင်လာတတ်တယ်။ အာဏာရှင်မုန်းတီးသူကိုယ်တိုင်က အာဏာနဲ့ လုပ်ပိုင်ခွင့် သူ့လက်ထဲရောက်လာချိန်မှာ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ အာဏာရှင်အားကျတဲ့ အနုသယစိတ်လေး အကောင်ပေါက်လာတတ်ပါတယ်။ ဒါတွေကို သတိထားပြီး ရှောင်ကြဉ်နိုင်ကြဖို့တော့ လိုပါတယ်။
မကြာမီ စုံစုံညီညီနဲ့ တိုက်ပွဲဝင်ကြတော့မယ့် ရဲဘော်တို့အတွက် ပြည်သူလူထုအပေါင်းရဲ့ ပို့သတဲ့ မေတ္တာအေးမြမြကို ခံယူရနိုင်ကြပါစေ။ နွေဦးတော်လှန်ရေး ရဲဘော်အပေါင်း အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း အောင်သပြေ ညောင်ရေလောင်းလို့ မေတ္တာစာပေးပို့လိုက်ပါတယ်။ တိုက်ပွဲတရာ အောင်ပွဲတသိန်း ပိုင်ဆိုင်အနိုင်ယူနိုင်ကြပါစေ။
ဂန္ထဝင်မောင်ထူး
အခုတလော လူထုကြားထဲမှာ ရွေးကောက်ပွဲအသံတွေ ခပ်စိပ်စိပ်လေး ထွက်လာတယ်။ စစ်မိစ္ဆာဂိုဏ်းခေါင်းဆောင်ကလည်း ရွေးကောက်ပွဲလုပ်ပြီး နိုင်တဲ့အဖွဲ့အစည်းကို အာဏာအပ်မယ် ဆိုတဲ့ မစားရဝခမန်း လေသံပစ်နေလေရဲ့။ ရပ်ကွက်အတော်များများမှာလည်း အိမ်ရှိလူဦးရေစာရင်း ကောက်နေတာလည်း တွေ့နေရတယ်။ စစ်မိစ္ဆာဂိုဏ်းက ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲကို စိတ်မဝင်စားပေမယ့်လည်း ပြောစရာရှိတာလေးတော့ ပြောရဦးမယ်။
ဒီမိုကရေစီမှာ ရွေးကောက်ပွဲကို ဖြတ်သန်းကြရမြဲပဲဆိုပေမဲ့ စစ်မိစ္ဆာဂိုဏ်းက လုပ်ပေးမယ့် ရွေးကောက်ပွဲကိုတော့ အယုံအကြည်မရှိတာလည်း အမှန်ပါ။ ဒါကလည်း မြန်မာပြည်သူတွေ ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေ သမိုင်းတွေအရ မယုံကြည်ခဲ့တာဘဲ ဖြစ်တယ်။ စစ်မိစ္ဆာဂိုဏ်းက ဦးစီးပြီး လုပ်ပေးတဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်မှာ သုံးကြိမ်ရှိခဲ့ဖူးတယ်။ အခုတကြိမ် လုပ်ပေးခဲ့ရင် စတုတ္ထကြိမ်ပေါ့။
ပထမအကြိမ် လုပ်ပေးခဲ့တာက ‘အစမ်းအာဏာသိမ်းပွဲ’ လို့ခေါ်တဲ့ ၁၉၅၈-၆၀ အိမ်စောင့်အစိုးရက ၁၉၄၇ ခြေဥအရ ၁၉၆၀ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ရွေးကောက်ပွဲ လုပ်ပေးခဲ့တာ။ အဲဒီရွေးကောက်ပွဲကို စစ်မိစ္ဆာဂိုဏ်းကပဲ ဦးစီးကျင်းပပေးခဲ့တာ။ ၁၉၉၀ ဒုတိယအကြိမ်မှာလည်း သူတို့ပဲ ဦးစီးပြီး ရွေးကောက်ပွဲ လုပ်ပေးခဲ့တာ။ တတိယအကြိမ် ကတော့ ၁၉၉၀ ရွေးကောက်ပွဲအရ အနိုင်ရအဖွဲ့ကို အာဏာမအပ်ချင်တာနဲ့ မိစ္ဆာဂိုဏ်းသားအချင်းချင်း အာဏာလုယူဟန်ပြုပြီး ကာလအတန်ကြာ စစ်မိစ္ဆာတို့ ကြီးစိုးအုပ်ချုပ်ခဲ့တာ။ မတတ်သာတဲ့အဆုံး စစ်မိစ္ဆာဂိုဏ်းရဲ့ ဖွားဘက်တော်ပါတီကို အနိုင်ရအောင် ကြံဆောင်ပြီး ၂၀၁၀ ပြည့်နှစ်မှာ တတိယအကြိမ် ရွေးကောက်ပွဲ ကျင်းပပေးခဲ့တာ။ အခု စတုတ္ထအကြိမ်မှာလည်း အရင်ကလို သူတို့ဦးစီးတဲ့ အလိမ်အညာ ရွေးကောက်ပွဲ လုပ်ပေးဖို့ ကြံရွယ်နေဟန်ပါပဲ။
အခုဖော်ပြခဲ့တာတွေဟာ စစ်မိစ္ဆာဂိုဏ်းက ကမကထပြုတဲ့ ရွေးကောက်ပွဲတွေ။ ဒီမှာ သတိထားမိစေတာက အာဏာတခါသိမ်းတိုင်း ရွေးကောက်ပွဲတကြိမ် လုပ်ပေးနေရတာကို တွေ့ရတယ်။ အဲဒီလို လုပ်ပေးတဲ့အကြိမ်တိုင်းကို ပြန်ကြည့်ရင် တည်တည်ငြိမ်ငြိမ်နဲ့ သမာသမတ်ကျကျ ကျင်းပပေးခဲ့တာ မတွေ့ရဘူး။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မရှိခဲ့ဘူး။ အကြိမ်တိုင်း ပြန်ကြည့်တော့လည်း ‘သွေးရူးသွေးတန်း’ နဲ့ လုပ်ပေးခဲ့တာကိုပဲ တွေ့ရတယ်။
ပထမအကြိမ် ၁၉၆၀ မှာ ရွေးကောက်ပွဲလုပ်ပေးခဲ့စဉ်ကလည်း အာဏာမလွှဲချင်ဘဲ လွှဲပေးကြရမှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲလုပ်ပေးချင်တဲ့ဆန္ဒမရှိဘဲ လုပ်ပေးခဲ့ရတာကိုး။ ဒီတော့ အဲဒီရွေးကောက်ပွဲကို ‘သွေးရူးသွေးတန်း’ လုပ်ပေးခဲ့ရတာပါပဲ။ ဘာလို့ ဒီလိုပြောရလဲဆိုတော့ ဦးနုနဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ ညှိနှိုင်းဆွေးနွေးပြီး အပြန်မှာ ဗိုလ်နေဝင်းက “အားလုံး အဆင်ချောခဲ့လား” ဆိုတဲ့အမေးကို ဦးနုနဲ့ ညှိနှိုင်းခဲ့တဲ့ အိမ်စောင့်အစိုးရအဖြစ် သဘောတူခဲ့တဲ့အကြောင်းတွေ ပြန်ပြောပြတော့ ဗိုလ်နေဝင်းက “တချီတည်းနဲ့ ကိစ္စပြတ်အောင် လုပ်ခဲ့ရမှာကိုကွာ” (ဆိုလိုသည်မှာ တပ်က လုံးဝအာဏာသိမ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အုပ်ချုပ်သည့်စနစ်ကို ဖယ်ရှားပစ်ရန် ဖြစ်သည်) လို့ ဗိုလ်မောင်မောင်က “Some Aspect of the ‘Care -Taker Government’ ဆိုတဲ့စာအုပ်မှာ အဲဒီလို ရေးခဲ့တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အာဏာမလွှဲချင်ဘဲ ရွေးကောက်ပွဲ လုပ်ပေးခဲ့ရတဲ့အချက်ဟာ ပေါ်လွင်နေတာကြောင့် “သွေးရူးသွေးတန်း ရွေးကောက်ပွဲ” လုပ်ပေးခဲ့ရတာလို့ ပြောရတာ။
ဒုတိယအကြိမ် ၁၉၉၀ မှာလည်း ဒီလိုပါပဲ။ ဆန္ဒပြပြည်သူလူထု ငြိမ်အောင်လို့ သွေးရူးသွေးတန်း လုပ်ပေးခဲ့တာ။ ပြီးတော့ အဲဒီရွေးကောက်ပွဲရလဒ်အရ အနိုင်ရပါတီကို အာဏာမအပ်ချင်တာနဲ့ အချင်းချင်း အာဏာပြန်သိမ်းခဲ့တာပေါ့။ ၂၀၁၀ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ မဝင်နိုင်ရေးအတွက် မျိုးစုံလိမ်ညာကြံဖန်ပြီးမှ သွေးရူးသွေးတန်း လုပ်ပေးခဲ့ရပြန်တယ်။ အခုလည်း စစ်မိစ္ဆာကိုယ်စားလှယ်တွေ အစားထိုးထားတဲ့ ကြံ့ဖွတ်ပါတီ အသာစီးရရေးအတွက် ကြိုတင်ပြင်ဆင်ပြီး သွေးရူးသွေးတန်း ရွေးကောက်ပွဲလုပ်ပေးဖို့ အကဲစမ်းနေတာ။
ဒါ့အပြင် စစ်မိစ္ဆာဂိုဏ်းက ရွေးကောက်ပွဲလုပ်ပေးတိုင်း ဘက်လိုက်မှုရှိတာကိုလည်း တွေ့နိုင်တယ်။ ပထမအကြိမ် လုပ်ပေးစဉ်ကလည်း ဦးကျော်ငြိမ်းတို့ရဲ့ ‘တည်မြဲဖဆပလ’ အနိုင်ရရေးအတွက် ဘက်လိုက်ပေးတာတွေ ရှိခဲ့တာပေါ့။ ဦးနုရဲ့ ‘သန့်ရှင်း’ အဖွဲ့ မဲမရရှိရေးအတွက် “အချို့နေရာများတွင် စစ်တပ်ရဟတ်ယာဉ်များပေါ်မှ ‘ဦးနု ကွန်မြူနစ်ဖြစ်သွားပြီ’ ဟုလည်းကောင်း၊ ‘ဦးနု ကွန်မြူနစ်နဲ့ပေါင်းလိုက်ပြီ’ ဟုလည်းကောင်း စာများကြဲချခဲ့ဖူးသည်” လို့ CRDB ဦးတင်မောင်ဝင်းရဲ့ ‘နိုင်ငံရေးသမားနဲ့ နိုင်ငံရေး” စာအုပ်မှာ ဖော်ပြခဲ့တယ်။
စစ်မိစ္ဆာဂိုဏ်းသားတွေက လွတ်လပ်စွာ စည်းရုံးခွင့်မဲဆွယ်ခွင့်တွေ ပိတ်ပင်တာ၊ တရားပွဲတွေ နှောင့်ယှက် ခြိမ်းခြောက် ဖျက်ဆီးတာတွေ လုပ်ခဲ့သလို ‘ငါးစွန် ၆ လောင်းပြိုင် လူသတ်မှု’ တွေ ကျူးလွန်တာတွေအထိ ရှိခဲ့ဖူးတယ်။ ရွေးကောက်ပွဲပြီးလို့ သန့်ရှင်းအဖွဲ့က အနိုင်ရတော့ ဗိုလ်နေဝင်းကိုယ်တိုင် ‘ဘက်လိုက်မှုကျူးလွန်တဲ့ တပ်မှူးတွေ’ ဆိုပြီး တပ်ကနေ ထုတ်ပယ်ခဲ့ဖူးတဲ့ သာဓကတွေလည်း ရှိရဲ့။ ၁၉၉၀ နဲ့ ၂၀၁၀ မှာလည်း ဒီအတိုင်းပဲ ဘက်လိုက်ခဲ့တာ အားလုံးအသိ။ စစ်မိစ္ဆာအုပ်စုဟာ ဘယ်တုန်းကမှ တရားမျှတ၊ လွတ်လပ်တဲ့ ရွေးကောက်ပွဲ လုပ်မပေးခဲ့တဲ့ သာဓကတွေ၊ ဖြစ်ရပ်တွေ ရှိနေပါလျက်နဲ့ အခုတကြိမ်လည်း စစ်မိစ္ဆာဂိုဏ်းသားတို့ရဲ့ ရွေးကောက်ပွဲကို ဝင်ဦးမယ်ဆိုရင် ‘လေးတုံးစားပြီးလို့မှ နတ်သုဒ္ဓါလား ဘာလား’ ခွဲခြားမသိတဲ့ဘဝ ရောက်ပေတော့မယ်။
တခါ ပါတီတွေဘက် ပြန်ကြည့်ပြန်တော့လည်း အဲဒီလို စစ်မိစ္ဆာတွေ ကျင်းပပေးတဲ့ ရွေးကောက်ပွဲတိုင်းမှာ ပထမအကြိမ်ကလွဲလို့ ပါတီတွေဟာ မှိုလိုပေါက်ခဲ့တယ်။ ပထမအကြိမ်ကတော့ ပါတီတွေဟာ သမိုင်းဆိုင်ရာ အမွေဆက်ခံခဲ့ရတာကြောင့် အမှန်တကယ် နိုင်ငံရေးအသွင်ဆောင်တဲ့ ပါတီလက်ကျန်တွေ ရှိသေးတယ်။ ကျန်အကြိမ်တွေမှာတော့ တကယ့်နိုင်ငံရေးအသွင်ဆောင်တဲ့ ပါတီတွေလည်း ရှိခဲ့သလို ‘ဗြုတ်စဖျင်းတောင်းနဲ့ အလေဏတော’ ပါတီတွေလည်း အများကြီး ထွက်ပေါ်လာခဲ့တယ်။ အဲဒီလို ပေါ်ထွက်လာအောင်လည်း စစ်မိစ္ဆာတွေက ‘ပါတီတွေကို လောင်စာဆီပေးမယ်၊ ဘာပေးမယ် ညာပေးမယ်’ နဲ့ ကြေညာခဲ့လေတော့ အချောင်ရလိုတဲ့ ‘အလေနတော ဗြုတ်စဖျင်းတောင်း’ တွေလည်း ပါတီထောင်လာတော့တာကိုး။ ၁၉၉၀ မှာ ပါတီတွေ ‘ရာကျော်’ လာခဲ့တာဟာ သာဓကတခု ဖြစ်ခဲ့တာပေါ့။
အဲဒီနောက် ၂၀၁၀ မှာတော့ NLD အပါအဝင် နိုင်ငံရေးအသွင်ဆောင်ပါတီ အတော်များများကို ဖျက်သိမ်း၊ ဖမ်းဆီးတာတွေလုပ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ ထောင်ထဲထည့်၊ ချည်ပြီးတုပ်ပြီး လုပ်ပြီးတော့မှ ကြံ့ဖွံ့နဲ့အပေါင်းပါ ‘ဗြုတ်စဖျင်းတောင်း အလေဏတော’ ပါတီတွေနဲ့ ရွေးကောက်ပွဲလုပ်ပေးခဲ့တာ။ ဒါတွေက အားလုံးသိပြီးသားတွေကို ပြန်ပြောပြနေတာပါ။ အဲဒီမှာလည်း အမျိုးသားဒီမိုကရေစီပါတီကို ကွဲအောင် ခွဲလို့ ခွဲထွက်ခဲ့တဲ့ အချောင်သမားအုပ်စုကို အတိုက်အခံပါတီအဖြစ် ချိန်သားကိုက်အောင် လုပ်ခဲ့တာပဲ။
အခု အာဏာလုစစ်မိစ္ဆာဂိုဏ်းက ကမ္ဘာကိုချပြဖို့နဲ့ ဗမာနိုင်ငံရေး ပိုရှုပ်ထွေးစေဖို့ ရည်ရွယ်ချက်နဲ့ တက်သုတ်ရိုက်ပြီး သွေးရူးသွေးတန်း ရွေးကောက်ပွဲလုပ်ဖို့ ကြံရွယ်နေပြန်ပါတယ်။ တကယ်တော့ စစ်မိစ္ဆာဂိုဏ်းဟာ ‘အပုပ်နံ့လှိုင်နေတဲ့ ခွေးသေကောင်ပုပ်ကို လည်မှာဆွဲပြီး မြောင်းပုပ်ရေနဲ့ ဘိသိက်သွန်းထား’ တဲ့ အကြမ်းဖက်အဖွဲ့အစည်းတခုအဖြစ် ကမ္ဘာ့သတ်မှတ်ချက်က ရှိပြီးသား။ ကမ္ဘာက အသိအမှတ်ပြုမခံရတဲ့ ‘မိစ္ဆာဂိုဏ်း’ တခုမျှသာ ဖြစ်တယ်။
အဲသလို ဂုဏ်သိက္ခာမဲ့အဖွဲ့အစည်းက ဦးစီးကျင်းပမယ့် ‘သွေးရူးသွေးတန်း ရွေးကောက်ပွဲ’ ဟာ ‘ချုပ်ဆေး’ မပါတဲ့ ဆေးဆိုးပန်းရိုက်အထည်လို တခါလျှော်လိုက်တာနဲ့ ဆေးမခိုင်ဘဲ အရောင်ကျွတ်သွားမယ်မှန်း သိသိကြီးနဲ့ လက်ခံပြီး ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် အဲဒါ ‘အလေနတော ဗြုတ်စဖျင်းတောင်း’ ပါတီတွေကလွဲလို့ နိုင်ငံရေးအသွင်ရှိတဲ့ ပါတီတော့ မဖြစ်နိုင်။ ခွေးသေကောင်ပုပ်ကို လည်မှာဆွဲပြီး စန္ဒကူးနံ့ရှူချင်လို့ မရနိုင်သလို ရာဇပလ္လင်ပေါ်မှာ ခွေးသားရေပြားကိုခင်းပြီး မြောင်းပုပ်ရေနဲ့ ဘိသိက်ခံထားတဲ့ အလေဏတောမင်းပဲ ဖြစ်လာမှာပေါ့။
ဒါကြောင့် အလေဏတောတို့ အုပ်ချုပ်မှုအောက်က အလေဏတောနိုင်ငံသား မဖြစ်ရအောင် စစ်မိစ္ဆာဂုဏ်းက ကျင်းပမယ့် ‘သွေးရူးသွေးတန်း’ ရွေးကောက်ပွဲကို ပြည်သူအားလုံးကလည်း အသိအမှတ်မပြုဘဲ တညီတညွတ်တည်း ဆန့်ကျင်သပိတ်မှောက်ကြဖို့ လိုအပ်ပါကြောင်း အကျိုးမျှော်ကာ နှိုးဆော်လိုက်ရပါတယ်။
ပြည်သူအားလုံး ‘အလေဏတောမင်း’ ဘေးမှ ကင်းဝေးကြပါစေ။
ဂန္ထဝင်မောင်ထူး