ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုကို မြန်မာစစ်ကောင်စီကိုယ်စားလှယ်က ကန့်ကွက်ထားတာနဲ့ ပတ်သက်လို့ ဇူလိုင် ၂၂ ရက်မှာ တရားသူကြီးတွေ ဆုံးဖြတ်ချက်ချမှတ်မယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံးကICJ ဇူလိုင် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီအမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ICJ တရားရုံးမှာ ဇူလိုင် ၂၂ ရက် သောကြာနေ့ ညနေ ၃ နာရီမှာ စတင်မှာဖြစ်ပြီး တရားသူကြီး Joan Donoghue က ဆုံးဖြတ်ချက်ကို ဖတ်ကြားမှာ ဖြစ်ပါတယ်။
ဂမ်ဘီယာနိုင်ငံကတရားစွဲတဲ့ ဒီအမှုကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက စစ်ဆေးစီရင်ခွင့်မရှိဘူးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ပြုလုပ်တဲ့ ကြားနာပွဲမှာ မြန်မာ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က ကန့်ကွက်ထားပါတယ်။
ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်ကြောင့် အမိန့်ချမယ့်နေ့မှာ နှစ်ဖက်ကိုယ်စားလှယ်တွေနဲ့ တရားသူကြီးတွေ၊ ရုံးအဖွဲ့ဝင်တွေ၊ ခွင့်ပြုထားတဲ့ သတင်းမီဒီယာတချို့ပဲ တက်ရောက်ခွင့်ရှိမှာဖြစ်ပြီး အများပြည်သူ တက်ရောက်နားထောင်ခွင့် ပိတ်ထားဦးမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ သံတမန်တွေနဲ့ အများပြည်သူအတွက် တရားရုံးတွင်းဆောင်ရွက်ချက်တွေကို ICJ ဝက်ဘ်ဆိုက်ကနေ တိုက်ရိုက်ထုတ်လွှင့်ပေးမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာဘက်က တင်သွင်းထားခဲ့တဲ့ ကနဦးကန့်ကွက်ချက်တွေ အားလုံးကို ပယ်ချပေးဖို့နဲ့ မူလပင်မအမှုအဖြစ်တဲ့ ဂျီနိုဆိုက်စာချုပ်ဖောက်ဖျက်မှုကို ဆက်လက်ကြားနာစစ်ဆေးဖို့ ဂမ်ဘီယာ ကိုယ်စားလှယ် ရှေ့နေချုပ် တရားရေးဝန်ကြီး ဒေါဒါဂျဲလိုးက ICJ တရားရုံးကို တိုက်တွန်း တောင်းဆို လိုက်ပါတယ်။
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ်တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ ကိုယ်စားလှယ်တွေက နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ ဖေဖော်ဝါရီ ၂၈ ရက် ဒီကနေ့ ဒုတိယအကျော့ တင်ပြ လျှောက်လဲရာမှာ တောင်းဆိုလိုက်တာဖြစ်ခဲ့ပါတယ်။
ဂမ်ဘီယာဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ နိုင်ငံတကာရှေ့နေ ပေါလ်ရီချလာက လျှောက်လဲရာမှာတော့ ဒီအမှုကို ICJ မှာ ဂမ်ဘီယာကတရားစွဲဖို့ အိုအိုင်စီက ထောက်ပံ့ပေးတယ်ဆိုတာ လုံးဝမဟုတ်ကြောင်း၊ ဒီလို တရားစွဲဖို့ ဆုံးဖြတ်ချက်ဟာ ဘယ်သူက အကြံပြုတယ်ဆိုတာ အဓိကမကျဘူးတဲ့အကြောင်း၊ မြန်မာဘက်က အချိန် ၄ နာရီခွဲလောက် တရားရုံးမှာလျှောက်လဲခဲ့ရာမှာ ရိုဟင်ဂျာဆိုတဲ့ စကားကို တကြိမ်တခါတောင် မပြောနိုင်ခဲ့ကြောင်း လျှောက်လဲပြောကြားသွားပါတယ်။
ဂျီနိုဆိုက်နိုင်ငံတကာသဘောတူညီချက်နဲ့ပတ်သက်ပြီး မြန်မာရဲ့ အဓိပ္ပါယ်ကောက်ယူမှုဟာ မမှန်ကန်ရုံမက အန္တရာယ်ရှိတဲ့အကြောင်း ဒါကိုလက်ခံလိုက်မယ်ဆိုရင် ကွန်ဗန်းရှင်းမှာ ပါဝင်တဲ့နိုင်ငံတွေအနေနဲ့ သူ့နိုင်ငံသားတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် သဘောတူစာချုပ်ကို လိုက်နာစရာမလိုတော့သလိုဖြစ်သွားမှာဖြစ်ပြီး ဒီစာချုပ်ဟာလည်း ဘာမှ အသက်မရှိတဲ့ စာသက်သက်ဖြစ်သွားလိမ့်မယ်လို့လည်း ဂမ်ဘီယာရှေ့နေက ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး အခု ဒုတိယအကြိမ် ကြားနာပွဲကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာဘက်က ဖေဖော်ဝါရီလ ၂၁ ရက်နဲ့ ၂၅ ရက်တွေမှာ စစ်ကောင်စီ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ အဖွဲ့က တက်ရောက် လျှောက်လဲခဲ့ကြပါတယ်။
ဂမ်ဘီယာနိုင်ငံက တင်သွင်းခဲ့တဲ့အမှုအပေါ် တရားရုံးကစီရင်ပိုင်ခွင့် မရှိကြောင်း ဒါမှမဟုတ် ဂမ်ဘီယာနိုင်ငံအနေနဲ့ တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း ကြေညာပေးဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံးကို မြန်မာဘက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက် ရုံးချိန်းမှာ တောင်းဆိုထားပါတယ်။
မြန်မာနဲ့ ဂမ်ဘီယာ နှစ်နိုင်ငံဘက်က တရားရုံးမှာ နှစ်ကျော့ဆီလျှောက်လဲအပြီးမှာတော့ လိုအပ်တဲ့ အချက်အလက်တွေကို တရားရုံးကတောင်းခံလာပါက ပို့ပေးဖို့နဲ့ အခုကြားနာပွဲနဲ့ ပတ်သက်တဲ့ အဆုံးအဖြတ်ကို နှစ်နိုင်ငံကိုယ်စားလှယ်တွေကို သတ်မှတ်ရက်မှာ အသိပေးမှာဖြစ်တယ်လို့ လည်း အိုင်စီဂျေ တရားသူကြီးက ကြားနာပွဲအဆုံးသတ်မှာ ပြောကြားသွားပါတယ်။
၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နဲ့ ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို ကျူးလွန်ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ လွန်ခဲ့တဲ့၂ နှစ်ကျော်က စတင် တရားစွဲဆိုထားတာဖြစ်ပြီး ပထမအကြိမ် ကြားနာမှုကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ပြုလုပ်ခဲ့ရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တာဖြစ်ပါတယ်။