close

ဂရင်းနစ်စံချိန်

close

August 24, 2021

ဂရင်းနစ်စံချိန်တင် အရပ်အရှည်ဆုံး အမေရိကန်အမျိုးသား သေဆုံး

အမေရိကန်နိုင်ငံရဲ့ အရပ်အရှည်ဆုံး အမျိုးသားဖြစ်တဲ့ အီဂေါ ဗော့ဗ်ကော်ဗင်စကီးဟာ နှလုံးရောဂါနဲ့ အသက် ၃၈ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီလို့ သူ့ရဲ့မိခင်က ပြောပါတယ်။

ယူကရိန်းနိုင်ငံဖွား ဗော့ဗ်ကော်ဗင်စကီးဟာ အရပ်အမြင့် ၇ ပေ ၈ လက်မရှိပြီး သူ့အသက် ၂၇ နှစ်အရွယ်မှာအမေရိကရဲ့ အရပ်အရှည်ဆုံးအမျိုးသားအဖြစ် ဂီးနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ သောကြာနေ့က မင်နီဆိုတားပြည်နယ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူ့မှာ ကြီးထွားဟော်မုန်း အလွန်အကျွံထုတ်လွှတ်တဲ့ ရောဂါတမျိုးရှိနေတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

သူ့ကို လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်က ယူကရိန်းနိုင်ငံကနေ အမေရိကန်နိုင်ငံကို ခေါ်လာခဲ့တာဖြစ်ပြီး ဆေးကုသမှုခံယူခဲ့ရတာဖြစ်ကာ ခွဲစိတ်မှု ၂ ကြိမ် ခံယူခဲ့ရတယ်လို့ ဆိုပါတယ်။

ဂရင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းရဲ့ အဆိုအရ ကမ္ဘာ့အရပ်အရှည်ဆုံးအမျိုးသားအဖြစ် တူရကီနိုင်ငံသား ဆူလ်တန် ကိုဆန်က အရပ်အမြင့် ၈ ပေ ၂ လက်မနဲ့ စံချိန်တင်ထားတယ်လို့ ဆိုပါတယ်။

အမေရိကန်သမိုင်းမှာတော့ အရပ်အရှည်ဆုံးအမျိုးသားအဖြစ် ၈ ပေ၊ ၉ လက်မရှိတဲ့ ရောဘတ်ဝက်ဒ်လိုက မှတ်တမ်းဝင်ခဲ့ဖူးပြီး သူဟာလည်း  ကြီးထွားဟော်မုန်းရောဂါနဲ့ ၁၉၄၀ ပြည့်နှစ်၊ အသက် ၂၂ နှစ် အရွယ်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

5 mins Ago

July 2, 2020

BLACKPINK ကေပေါ့ပ်အဖွဲ့က How You Like That သီချင်းဖြင့် ဂရင်းနစ်စံချိန် ၅ ခုတင်(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

နာမည်ကြီး အမျိုးသမီးကေပေါ့ပ်တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ BLACKPINK က သူတို့ ရဲ့ နောက်ဆုံးထွက်သီချင်းသစ်တပုဒ်ဖြစ်တဲ့ How You Like That သီချင်းနဲ့ ဂရင်းနစ်စံချိန် ၅ ခုတင်နိုင်ခဲ့ပါတယ်။ သီချင်းမြူးဇစ်ဗွီဒီယို စထွက်ထွက်ချင်း ပထမနေ့မှာတင် ကြည့်ရှုသူ ၈၆ ဒသမ ၃ သန်းနဲ့ စံချိန်တင်နိုင်ခဲ့တဲ့ သူတို့အဖွဲ့ဟာ အရင်စံချိန်တင်ထားသူတွေဖြစ်တဲ့ BTS အဖွဲ့နဲ့ အမေရိကန်အဆိုတော် Halsey တို့ကို ဖြတ်ကျော်ခဲ့ပြီး ယူကျုဘ်မှာ ၂၄ နာရီအတွင်း ကြည့်ရှုမှုအများဆုံး Most viewed YouTube video in the first 24 hours ၊ Most viewed Music Video on YouTube in the first 24 hours ၊ - Most viewed YouTube Music Video in fist 24 hours by a K-pop group စတဲ့ မှတ်တမ်း ၃ ခုဝင်သွားခဲ့တာပါ။ နောက်ထပ် စံချိန်တင်ထားနိုင်ခဲ့တဲ့ မှတ်တမ်း ၂ ခုကတော့ Most viewers for the premiere of a video on YouTube နဲ့ Most viewers for the premiere of a music video on YouTube  တွေဖြစ်ပြီး အဆိုပါစံချိန်မှတ်တမ်း ၅ ခုနဲ့အတူ အွန်လိုင်း ဂီတပ လက်ဖောင်းတခုဖြစ်တဲ့ Spotify မှာလည်း ပရိသတ်အများဆုံး အမျိုးသမီးတေးဂီတအဖွဲ့ ဖြစ်လာခဲ့ပါတယ်။ တချိန်က နာမည်ကြီး အမျိုးသမီးကေပေါ့ပ်အဖွဲ့တဖွဲ့ဖြစ်တဲ့ 2NE1 နဲ့ Big Bang အ ဖွဲ့တွေကို မြေတောင်မြှောက်ပေးခဲ့တဲ့ YG Entertainment ကနေ ၂၀၁၆ ခုနှစ်မှာ စတင် ဖွဲ့စည်းပေးခဲ့တဲ့ BLACKPINK အဖွဲ့မှာ Jisoo ၊ Jennie ၊ Rosé နဲ့ Lisa အဖွဲ့ဝင် ၄ ယောက် ပါဝင်ပါတယ်။ Square One တေးအယ်လ်ဘမ်နဲ့ ပွဲဦးထွက်ခဲ့တဲ့ သူတို့အဖွဲ့ရဲ့ Boombayah နဲ့ Whistle သီချင်းတွေကတော့ BKACKPINK ရယ်လို့ အသိအမှတ်ပြုသွားစေခဲ့ရတဲ့ သီချင်း တွေ ဖြစ်လာခဲ့တာပါ။ နောက်ပိုင်းမှာတော့ နိုင်ငံတကာ နယ်လှည့်ဖျေိာ်ဖြေပွဲတွေအထိ ခြေဆံ့နိုင်လာခဲ့ပြီး Ddu-Du Ddu-Du ၊ Kill This Love သီချင်းတွေကတော့ ရေပန်းစားအောင်မြင်တဲ့ သီချင်း တွေ ဖြစ်ပါတယ်။ သိပ်မကြာခင်ကတော့ နာမည်ကြီး အဆိုတော် လေဒီဂါဂါရဲ့ နောက်ဆုံးထွက် တေး အယ်လ်ဘမ်ထဲမှာ တွဲဖက်သီဆိုထားခဲ့တဲ့ Sour Candy သီချင်း ထွက်ရှိထားခဲ့ပါသေးတယ်။ နာမည်ကြီး မဂ္ဂဇင်းတွေဖြစ်တဲ့ တိုင်းမ်မဂ္ဂဇင်းနဲ့ ဖို့ဘ်မဂ္ဂဇင်းတွေကတော့ BKACKPINK အဖွဲ့ကို ထွန်းတောက်လာမယ့် ကြယ်ပွင့်နဲ့ ကိုရီးယားနိုင်ငံရဲ့ လွှမ်းမိုးမှုအရှိဆုံး ကျော်ကြားသူတွေအဖြစ် ရွေးချယ်ဖော်ပြခဲ့ကြဖူးပါတယ်။
1 year Ago
Up