ဂရိနိုင်ငံ လက်စ်ဘော့စ်ကျွန်း တရားရုံးဟာ ရုံးတင်စစ်ဆေးခံနေရတဲ့ အကူအညီပေးရေး လုပ်သား အဖွဲ့ တဖွဲ့အပေါ် စွဲဆိုထားတဲ့ သူလျှိုလုပ်မှု စွဲချက်တွေကို ဇန်နဝါရီ ၁၃ ရက်မှာ ပယ်ချလိုက်ပြီး တရားစွဲဆိုမှုဖြစ်စဉ်က ချို့ယွင်းချက်တွေကို ကိုးကားပြီးတော့ ဒီအမှုကို ပြန်တင်ဖို့ တရားလိုရှေ့နေတဦးကို အမိန့်ချမှတ်လိုက်ကြောင်း တရားခံရှေ့နေတွေက ပြောပါတယ်။
တရားရုံးရှေ့က ဆန္ဒပြသူတွေကတော့ အသက်ကို ကယ်တင်ခြင်းဟာ ရာဇ၀တ်မှုမဟုတ် ဆိုတဲ့ စာတန်းတွေကို ကိုင်ဆောင်ထားပါတယ်။
အကူအညီပေးရေးလုပ်သား ၂၄ ဦးဟာ လက်စ်ဘော့စ်ကျွန်းမှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ အကျိုးအမြတ်မယူဘဲ လုပ်ဆောင်နေတဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ အရေးပေါ် တုံ့ပြန်ရေးစင်တာ (နိုင်ငံတကာ) အဖွဲ့ ERCI နဲ့ ချိတ်ဆက်ထားတာပါ။
ဥရောပရဲ့ ဒုက္ခသည်အကျပ်အတည်းမှာ ရှေ့တန်းနယ်မြေ ဖြစ်ခဲ့တဲ့ လက်စ်ဘော့စ်ကျွန်းရဲ့ ကမ်းခြေတွေကို ခိုလှုံခွင့်တောင်းခံသူတွေ နေ့စဉ်လာရောက်ခဲ့ကြပြီး အများစုဟာ အိမ်နီးချင်း တူရကီနိုင်ငံက ဖြစ်ကြပါတယ်။
တရားခံတွေကတော့ သူလျှိုလုပ်မှုနဲ့ စာရွက်စာတမ်း အတုအပလုပ်မှုတွေ အပါအဝင် သူတို့အပေါ် ရာဇ၀တ်မှုဆိုင်ရာ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
လက်စ်ဘော့စ်ကျွန်းမှ ဇန်နဝါရီ ၁၃ ရက် ကြားနာမှုမှာ တရားရုံးက တရားခံတွေရဲ့ ကန့်ကွက်မှု တွေကို အသိအမှတ်ပြုပေးပြီး သူလျှိုမှု စွဲချက်တွေဟာ မရေရာတဲ့အပြင် တရားလိုပြ စာရွက် စာတမ်းတွေကို နိုင်ငံခြားတရားခံတွေအတွက် ဘာသာပြန်ထားခြင်း မရှိဘူးလို့ စီရင်ချက် ချလိုက်ကြောင်း ရှေ့နေတွေက ပြောပါတယ်။
သူတို့က စွပ်စွဲချက်ရဲ့ အဓိကအချက်ပေါ်မှာ တရားရုံးကနေ ဆက်လုပ်ဖို့ မဖြစ်နိုင်တဲ့ လုပ်ထုံးလုပ်နည်း မမှန်ကန်တာတွေ ရှိနေတာကို အသိအမှတ်ပြုလိုက်တာလို့ ဆိုပါတယ်။
အကူညီပေးရေး လုပ်သား ၂၄ ယောက်အပေါ် ရုံးတင်စစ်ဆေးခြင်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ စတင်ခဲ့တာဖြစ်ပြီး ဒီအမှုကို တခြားတရားရုံးတခုကို လွှဲပြောင်းပေးလိုက်တာကြောင့် ရုံးချိန်းကို လည်း ချက်ချင်း ရွှေ့ဆိုင်းခဲ့တာပါ။
အခုတပတ်မှ လုပ်ငန်းစဉ်တွေကို ပြန်စတင်ခဲ့တာဖြစ်ပါတယ်။ ဒီအမှုဟာ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေအပေါ် သက်ရောက်မှုရှိခဲ့ပြီး စွဲချက်တွေ ကို ရုပ်သိမ်းဖို့ တောင်းဆိုထားတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ဇန်နဝါရီ ၁၃ ရက်မှာ ပြောပါတယ်။