close

ဂရိတာဝန်ရှိသူ

close

July 22, 2022

ပန်တဲလိတောင်တန်း တောမီး ထိန်းချုပ်နိုင်ပြီဟု ဂရိတာဝန်ရှိသူများပြော

အေသင်မြို့အနီးရှိ ပန်တဲလိတောင်တန်းဒေသမှာ တောမီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ ဂရိတာဝန်ရှိတွေက ဇူလိုင် ၂၀ ရက်က ပြောကြားခဲ့ပါတယ်။ 

အေသင်မြို့လယ်ရဲ့ အရှေ့မြောက်ဘက်က ဒီယွန်နီ၊ ဒါ့ဆာမာရီ၊ အန့်သိုဆာ၊ ပါနိုရာမာ ပါလီနီ နဲ့ ဒရာဖီ ဧရိယာတွေမှာ မီးအသေးစား ဆက်လောင်မှုတွေ ရှိပေမယ့်လည်း သူတို့ကို လက်ရှိမှာ ထိန်းချုပ်ထားပါတယ်။ အဲဒီနေရာတွေမှာ မီးငြှိမ်းသတ်ဖို့ မီးသတ်လေယာဉ် ၁၉ စင်းနဲ့ မီးသတ်သမား အများအပြား ပါဝင်ခဲ့ပါတယ်။ 

လက်ရှိမှာ မီးသတ်ကား ၂၃၀ နဲ့  စုစုပေါင်း မီးသတ်သမား အယောက် ၆၃၀ တို့က ပျံ့နှံ့လောင်ကျွမ်းနေတဲ့ မီးတောက်တွေကို ငြိမ်းသတ်နိုင်စေဖို့နဲ့ မီးလောင်ကျွမ်းမှုအန္တရာယ် အနည်းဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်နေကြကြောင်း နိုင်ငံသားကာကွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ 

တောမီးဒဏ်ခံခဲ့ရတဲ့ ဒေသခံ ၉ သောင်းလောက်ထဲမှာ ကလေးစင်တာ၊ ဆေးရုံနှစ်ရုံနဲ့ အေသင်အမျိုးသား စောင့်ကြည့်လေ့လာရေး ဌာနမှ ဝန်ထမ်းတွေ အပါအဝင် လူ ၆၈၀ လောက်ကို မီးသတ်သမားတွေရဲ့အကူအညီနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။ 

ဒါ့အပြင် အေသင်မြို့အနောက်ဘက် ၃၃ ကီလိုမီတာအကွာရှိ မီဂါရာမြို့အနီးမှာ ဇူလိုင် ၂၀ ရက်က မီးလောင်ကျွမ်းမှုတွေ ထပ်ဖြစ်ခဲ့ပါသေးတယ်။ 

မီးသတ်သမား ၂၂ ဦး၊ လူနာတင်ယာဉ် ၁၁ စီး၊ ရဟတ်ယာဉ် ၂ စီးနဲ့ မီးသတ်လေယာဉ် ၂ စီးတို့ကို ဖြန့်ကျက်ချထားခဲ့ပြီး ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အကြောင်းကြားခဲ့ပါတယ်။ 

ဂရိနိုင်ငံရဲ့နေရာအများစုမှာ မနေ့က မီးလောင်ကျွမ်းမှု အန္တရာယ်နဲ့ ကြုံတွေ့ရနိုင်တာကြောင့် လေကြောင်း ကင်းလှည့်သူတွေ၊ မီးသတ်သမားတွေ၊ ရဲတွေနဲ့ တခြားသူတွေဟာ အမျိုးသားဥယျာဉ်တွေ၊ သစ်တောတွေနဲ့ အန္တရာယ်များတဲ့နေရာတွေကို ဆက်လက် ကင်းလှည့်ခဲ့ကြပါတယ်။ 

မီးလောင်မှုဖြစ်ပွားတဲ့ နေအိမ်အရေအတွက် အတိအကျကို ဒီကနေ့အထိ အတိအကျ မသိရသေးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ 

5 mins Ago
Up