မန်စီးတီးတောင်ပံတိုက်စစ်မှူး ဂရေးလစ်ရှ်ဟာ ဗြိတိန်ကစားသမားတွေထဲမှာ ဝင်ငွေအများဆုံး ဘောလုံးကန်စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ပါတယ်။
အင်္ဂလန်ကစားသမားဟာ Nike အမှတ်တံဆိပ် ဘောလုံးကန်ဖိနပ်နဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက် Puma နဲ့ လက်တွဲခဲ့တာပါ။
Puma နဲ့ စာချုပ်သက်တမ်းဟာ တစ်နှစ်ကို ပေါင် ၁၀ သန်းအထိရရှိမှာဖြစ်ပြီး ၅ နှစ်သက်တမ်းရှိတာကြောင့် အကျိုးအမြတ်အများဆုံး ဘောလုံးကန်ဖိနပ်စပွန်ဆာရရှိခဲ့တာဖြစ်ပါတယ်။
ဗြိတိန်ကစားသမားတွေထဲမှာ ဘောလုံးကန်ဖိနပ်စပွန်ဆာအများဆုံးရရှိခဲ့ဖူးတာက ဂါရတ်ဘေးလ်နဲ့ ဟယ်ရီကိန်းတို့ ဖြစ်ပြီး တစ်နှစ်ကို ပေါင် ၃ သန်းရရှိခဲ့တာပါ။
ဂရေးလစ်ရှ် ကစားတဲ့နေရာက ဒီဇိုင်းပုံစံသစ်ထုတ်လုပ်ချင်တဲ့ Puma အတွက် အခွင့်အလမ်းသစ်တွေ ရရှိစေနိုင်တာကြောင့် ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း Puma ရဲ့ အားကစားနဲ့ ဈေးကွက်ဆိုင်ရာအရာရှိချုပ် ဂျိုဟန်အဒမ်ဆန်က မှတ်ချက်ပေးသွားပါတယ်။
တောင်ပံတစ်လျှောက် ဘောလုံးနဲ့အတူ ဆွဲပြေးပြီး နောက်ခံလူတိုင်းကို ကျော်ဖြတ်နိုင်စွမ်းရှိနေပြီ လို့ မန်စီးတီးကစားသမား ဂျက်ဂရေးလစ်ရှ်က ပြောပါတယ်။
ဂရေးလစ်ရှ်ဟာ လိုက်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးဧရိယာထဲမှာ ဘောလုံးနဲ့အတူဆွဲပြေးပြီး သေသပ်တဲ့ အနိုင်ဂိုးတစ်ဂိုးသွင်း ယူနိုင်ခဲ့တာပါ။
တောင်ပံတစ်လျှောက်မှာ ဘောလုံးလက်ခံရရှိမယ်ဆိုရင် ဧရိယာထဲကို ဆွဲပြေးပြီး နောက်ခံလူတိုင်းကို ကျော်ဖြတ်နိုင်ကြောင်း၊ လိုက်ဇစ်နဲ့ပွဲမှာ ကံကောင်းစွာနဲ့ ဂိုးပါသွင်းယူနိုင်ခဲ့တာဖြစ်ကြောင်း ဂရေးလစ်ရှ်က ပြောခဲ့တာပါ။
အဲဒီသွင်းဂိုးဟာ ဂရေးလစ်ရှ်ရဲ့ ကစားသမားဘဝ ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်မှာ ပထမဆုံးသွင်းဂိုးရယူနိုင်ခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက ချန်ပီယံလိဂ် ပွဲကစားဖို့အတွက် စိတ်လူပ်ရှားနေခဲ့ကြောင်း၊ ငယ်ရွယ်ပြီး ကစားအားကောင်းမွန်တဲ့ လိုက်ဇစ်လိုအသင်းကို အနိုင်ရခဲ့လို့ ကျေနပ်မိကြောင်း ဂရေးလစ်ရှ်က ပွဲအပြီး BT Sport နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
မန်စီးတီးအသင်းဟာ ဂျာမန်ကလပ် လိုက်ဇစ်ကို ၆ ဂိုး ၃ ဂိုးနဲ့အနိုင်ရခဲ့ပြီး အုပ်စု ပထမနေရာမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။