close

ဂါဇာ

close

May 11, 2023

ဂါဇာရှိ အဆောက်အအုံတခုကို အစ္စရေး ဗုံးကြဲတိုက်ခိုက် ၃ ဦး သေဆုံး

ဂါဇာကမ်းမြောင် တောင်ပိုင်းရှိ ခန်းန်ယူနစ်စ်မြို့က အဆောက်အအုံတခုကို ညဉ့်နက်ပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ရဲ့ ဒုံးကျည်ပစ်လွှတ်မှုတပ်ဖွဲ့ခေါင်းဆောင် အလီဂါလီနဲ့ တခြားသူ ၂ ဦးတို့ သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်နဲ့ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့တို့က မေ ၁၁ ရက် မနက်အစောပိုင်းမှာ ပြောပါတယ်။

အစ္စရေးဟာ ဂါဇာရှိ အစ္စလာမ္မစ်ဂျီဟတ် ပစ်မှတ်တွေကို မေ ၁၀ ရက်က ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့တာပါ။

အီဂျစ်ဟာ တိုက်ပွဲတွေ အဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းဖို့ ကြိုးပမ်းနေချိန်မှာ ပါလက်စတိုင်း စစ်သွေးကြွတွေဟာ နယ်စပ်ကိုဖြတ်ပြီး ရာနဲ့ချီတဲ့ ဒုံးကျည်တွေကို ပစ်လွှတ်ခဲ့တာဖြစ်ပြီး တဲလ်အဗစ်လောက်ဝေးတဲ့ အကွာအဝေးအထိကို ဥဩသံတွေ လွှင့်တင်ထားပါတယ်။

အကြမ်းဖက်မှုတွေ လနဲ့ချီ အရှိန်မြင့် ပြင်းထန်လာပြီးနောက် အစ္စရေးကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့တဲ့ အစ္စလာမ္မစ် ဂျီဟတ်တပ်မှူး ၃ ဦးကို မေ ၉ ရက်မှာ အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက်မှာပဲ တပတ်အတွင်း ဒုတိယအကြိမ် နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှု ပေါ်ပေါက်လာတာပါ။

ပါလက်စတိုင်းနယ်မြေတလျှောက် ဗုံးပေါက်ကွဲမှုတွေ ထွက်ပေါ်လာပြီး ဒုံးကျည်ပစ်လွှတ်တဲ့ နေရာတွေ အပါအဝင် ပစ်မှတ် ၁၃၀ ကျော်ကို ထိမှန်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ လေကြောင်းတိုက်ခိုက်မှု စတင်ပြီးနောက် မိနစ်ပိုင်းအကြာမှာ အများစု နယ်စပ်အသိုင်းအဝိုင်းတွေ အပါအဝင် အစ္စရေးဘက်မှာ အချက်ပေးဥသြသံတွေ ထွက်ပေါ်လာပြီး ဂါဇာကနေ မြောက်ဘက် ၃၇ မိုင် အကွာရှိ စီးပွားရေးမြို့တော် တဲလ်အဗစ်နဲ့ အနီးတဝိုက်မှာလည်း ကြားခဲ့ရပါတယ်။

ဒုံးကျည် ၄၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့ပြီး ၄ ပုံ ၁ ပုံဟာ ဂါဇာကမ်းမြောင်မှာ ပျက်ကျခဲ့တာပါ။

ဒီလက်နက်တွေ တပြိုင်နက်တည်း ပစ်လွှတ်တဲ့အတွက် တာဝန်ရှိကြောင်း အစ္စလမ္မစ်ဂျီဟတ်နဲ့ ဟားမတ်စ်အဖွဲ့ခေါင်းဆောင်တွေ ပါဝင်တဲ့ ဂါဇာရှိ စစ်သွေးကြွတွေရဲ့ ပူးတွဲကွပ်ကဲမှု အဖွဲ့တွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း သူတို့ရဲ့ဒုံးပျံ ရာနဲ့ချီရှိတယ်လို့ ယူဆရတဲ့ ဟားမတ်စ်တွေကတော့ ဘယ်ဒုံးကျည်တွေကို သူတို့ကိုယ်တိုင် ပစ်လွှတ်ခဲ့တယ်ဆိုတဲ့ ဘာလက္ခဏာကိုမှ မတွေ့ရကြောင်း အစ္စရေးစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

အစ္စရေးက မေ ၈ ရက်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အစ္စလာမ္မစ်ဂျီဟတ် အကြီးအကဲ ၃ ယောက်နဲ့ အရပ်သား ၁၀ ဦး သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တဲ့အတွက် တုံ့ပြန်တဲ့ အနေနဲ့ မေ ၁၀ ရက် မွန်းလွဲပိုင်းက ဂါဇာကနေ ဒုံးကျည် ၂၇၀ ခန့်ကို အစ္စရေးဘက် ပစ်ခတ်ခဲ့ပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဂါဇာကမ်းမြောင်ဒေသ ဒုံးကျည်ပစ်လွှတ်မှုကို ထိန်းချုပ်ထားတာဟာ ဟားမတ်စ်မဟုတ်ဘဲ ပါလက်စတိုင်း အစ္စလာမ္မစ်ဂျီဟတ် ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုထားပေမဲ့ ဟားမတ်စ်ကတော့ ဒုံးကျည်ပစ်လွှတ် တိုက်ခိုက်မှုကို လူသိရှင်ကြား ထောက်ခံထားပါတယ်။

ဂါဇာမြောက်ပိုင်းမှာ PIJ စစ်ဆေးရေးကို လုပ်ဆောင်ခဲ့သူ ခါလီ ဘာဟီတီနီ၊ ဂါဇာကမ်းမြောင် အနောက်ဘက်ကမ်းမှာ ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်တဲ့ တာရက်ခ် အဇယ်လ်ဒင်နဲ့ စစ်ကောင်စီက အကြီးတန်းပုဂ္ဂိုလ် ဂျဟတ် အက်မန်းတို့ အသတ်ခံခဲ့ရကြောင်း IDF က အတည်ပြုခဲ့ပါတယ်။

မေ ၉ ရက် နှောင်းပိုင်းနဲ့ ၁၀ ရက်နေ့တွေမှာလည်း အစ္စရေး‌ေလတပ်ဟာ ဂါဇာက ပစ်မှတ်တွေကို ဒုံးကျည်ပစ်လွှတ်ဖို့ ပြင်ဆင်နေပြီး အစ္စရေးလေတပ်ရဲ့ ထပ်မံတိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

အစ္စ‌‌ေရး‌‌ေတာင်ပိုင်းရှိ ဂါဇာနယ်စပ်နားက ပြည်သူတွေကို ဗုံးခိုကျင်းတွေနဲ့ နီးရာမှာနေဖို့ အမိန့်ထုတ်ထားပြီး ရာနဲ့ချီတဲ့လူတွေကိုတော့ ‌ေမြာက်ပိုင်းရှိ မြို့တွေကို ရွှေ့ပြောင်းပေးထားကာ ဂါဇာနဲ့ အစ္စရေးကြားမှာရှိတဲ့ အီးရက်ဇ် ဖြတ်ကူးတဲ့နေရာကိုလည်း ပိတ်ထားပါတယ်။

အရန်တပ်တွေကို အသင့်အနေအထား ထားထားပြီး အစ္စရေးစစ်ဌာနချုပ်က ဆက်လက်လုပ်ဆောင်ဖို့ အသင့်အနေအ‌ထား ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

Source - Sky News

5 mins Ago

November 18, 2022

ဂါဇာတွင် ပါတီပွဲကျင်းပသည့် အဆောက်အအုံ မီးလောင်ပြီး လူ ၂၀ ကျော် သေဆုံး

ဂါဇာကမ်းမြောင်ဒေသမှာ ပါတီပွဲကျင်းပနေတဲ့ အဆောက်အအုံတခု မီးလောင်ခဲ့ပြီး အနည်းဆုံး လူ ၂၁ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း ကျန်းမာရေးနဲ့ အရပ်ဘက် အရေးပေါ် တာဝန်ရှိသူတွေက နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ ဂျဘာလီယာ ဒုက္ခသည်စခန်းရှိ ၄ ထပ် လူနေအဆောက်အအုံရဲ့ အပေါ်ဆုံးထပ်မှာ လောင်ကျွမ်းနေတဲ့ မီးတောက်ကြီးကို မီးသတ်သမားတွေက တနာရီကျော်ကြာ ထိန်းချုပ်ခဲ့ရပါတယ်။

လူနာတင်ယာဉ်တွေဟာ ဒဏ်ရာရသူ အများအပြားကို ဒေသဆိုင်ရာဆေးရုံတွေဆီ အမြန်ပို့ဆောင်ခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသမှာ အီဂျစ်နဲ့ အတူတကွ ပိတ်ဆို့ထားတဲ့ အစ္စရေးကလည်း ဆေးဝါးကုသမှု လိုအပ်နေသူတွေကို ခွင့်ပြုမယ်လို့ ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရာနေရာမှာ ဓာတ်ဆီအမြောက်အမြား သိမ်းဆည်းထားကြောင်းနဲ့ အဲဒါကြောင့်ပဲ အဆောက်အအုံကို ခပ်မြန်မြန် လောင်ကျွမ်းသွားစေကြောင်း ဂါဇာ ပြည်ထဲရေးဝန်ကြီးဌာနက ကနဦး စုံစမ်းစစ်ဆေးမှုအရ သိရပါတယ်။

အော်ဟစ်သံတွေကို ကြားရပေမဲ့ မီးလောင်မှု ပြင်းထန်တာကြောင့် အတွင်းထဲကလူတွေကို မကူညီနိုင်ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။

ပါလက်စတိုင်းသမ္မတ မာမွဒ် အက်ဘာ့စ်က ဒါဟာ အမျိုးသားရေး ကြေကွဲစရာလို့ ခေါ်ဆိုပြီး ဝမ်းနည်းစရာနေ့တနေ့ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

ပါလက်စတိုင်းအာဏာပိုင်တွေဟာ အခြေအနေ ပြင်းထန်သူတွေကို နယ်မြေအပြင်ဘက်မှာ ကုသဖို့ လိုအပ်ရင် ဂါဇာကမ်းမြောင်နဲ့ အစ္စရေးကြားက အီရက်ဇ်လမ်းဆုံဂိတ်ကို ဖွင့်ပေးဖို့ အစ္စရေးကို တိုက်တွန်းကြောင်း ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO) ရဲ့  အမှုဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူး ဟူစိန် အယ်လ် ရှိက်ခ်က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

“သမ္မတက ဆေးဘက်ဆိုင်ရာနဲ့ တခြားအကူအညီမျိုးစုံကို အရေးပေါ် ပံ့ပိုးပေးဖို့ ညွှန်ကြားထားပါတယ်” လို့ ရှိက်ခ်က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးသံတမန် တော်ရ်ဝမ်နက်လန်းဒ်က ဒီဖြစ်ရပ်မှာ သေဆုံးသွားသူတွေရဲ့ မိသားစုတွေကို ဝမ်းနည်းကြောင်း တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

6 months Ago
Up