အွန်နရီကြောင့် ငယ်စဉ်ကတည်းက အာဆင်နယ်အသင်းကို အားပေးခဲ့ဖူးတယ်လို့ တိုက်စစ်မှူးသစ် ဂျေးဆူက ပြောပါတယ်။
ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းကို ပေါင် ၄၅ သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
အသင်းနဲ့အတူ ပထမဆုံးအင်တာဗျူးမှာတော့ အာဆင်နယ်အသင်း ဂန္ထဝင်တိုက်စစ်မှူး အွန်နရီကို အားပေးခဲ့တာကြောင့် အာဆင်နယ်အသင်းကိုလည်း ငယ်စဉ်ကတည်းက အားပေးခဲ့တာ ဖြစ်ကြောင်း ပြောသွားတာပါ။
သီယာရီအွန်နရီကြောင့် အာဆင်နယ်အသင်းကို ငယ်စဉ်ကတည်းက အားပေးကြည့်ရှုခဲ့ဖူးကြောင်း၊ ဥရောပကလပ်တွေကို သိပ်ပြီးအားမပေးခဲ့ဖူးပေမယ့် အာဆင်နယ်မှာ နာမည်ကြီး ကစားသမားတွေ ကစားခဲ့ဖူးတာကြောင့် ထိပ်တန်းအသင်းကြီးတစ်သင်းလို့ သတ်မှတ်ခဲ့ဖူးပြီး ဒီလိုထိပ်တန်းအသင်းကြီးဆို ပြောင်းရွှေ့ခွင့်ရလို့ အလွန်ပျော်ရွှင်ရကြောင်း ဂါဘရီယယ်ဂျေးဆူက ပြောပါတယ်။
အာဆင်နယ်အသင်းမှာ ထိပ်တန်းကစားသမားတွေလည်းရှိပြီး အသင်းကို ကူညီဖို့၊ လေ့လာသင်ယူဖို့နဲ့ အကောင်းဆုံးခြေစွမ်းရရှိအောင် ကူညီသွားချင်ကြောင်းလည်း ပြောပါတယ်။
မန်စီးတီးတိုက်စစ်မှူး ဂျေးဆူရဲ့ အာဆင်နယ်အသင်းဆီကို အပြောင်းအရွှေ့မှာ ရာနှုန်းပြည့်ပြီးစီးသွားပြီး ၅ နှစ်စာချုပ်နဲ့ ခေါ်ယူ နိုင်ခဲ့ကြောင်းသိရပါတယ်။
အာဆင်နယ်အသင်းဟာ ဂျေးဆူနဲ့ အေးဂျင့်ဖြစ်သူ ပတ်တီနာတီဆီ တိုက်ရိုက်ဆက်သွယ်ပြီးနောက် အပြီးသတ်သဘောတူညီမှု ရခဲ့တာပါ။ ဂျေးဆူရဲ့စာချုပ်သက်တမ်းမှာ ၂၀၂၇ ခုနှစ်အထိဖြစ်ပြီး၊ မန်စီးတီးအသင်းအနေနဲ့တော့ အာဆင်နယ်အသင်းရဲ့ ပေါင် ၄၅ သန်းနဲ့ နောက်ဆုံး ကမ်းလှမ်းမှုကို လက်ခံခဲ့တာဖြစ်ပါတယ်။
နှစ်သင်းစလုံးဘက်က တရားဝင်သတင်းမထုတ်ပြန်သေးပေမဲ့ မန်စီးတီးအသင်းနဲ့ကော၊ ဂျေးဆူနဲ့ပါ အားလုံးသဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း အပြောင်းအရွှေ့ရေးရာ ကျွမ်းကျင်သူ ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယိုရိုမန်နိုက အတည်ပြုခဲ့ပါတယ်။
၂၀၁၇ ခုနှစ်က ဘရာဇီးကလပ် ပါးမီးယားရက်စ်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ဂျေးဆူဟာ မန်စီးတီးအသင်းအတွက် စုစုပေါင်း ၂၃၆ ပွဲကစားခဲ့ပြီး ၉၅ ဂိုးသွင်းယူခဲ့ပါတယ်။
သူဟာ အဂွဲရိုးနဲ့ စတာလင်တို့ပြီးရင် မန်စီးတီးအသင်းသမိုင်းရဲ့ တတိမြောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်ထားပါတယ်။