ဧပြီ ၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့အထွက် မြစ်ကြီးနား-မန္တလေး ကားလမ်းမပေါ်မှာ ဝါးမောင်းတံနဲ့ ဂိတ်ပြုလုပ်ပြီး စစ်ကောင်စီအတွက် ဂိတ်ကြေး ကောက်ခံပေးနေတဲ့ အရပ်ဝတ်နဲ့ ၄ ဦး ပစ်သတ်ခံရတယ်လို့ သိရပါတယ်။
ခရီးသွားပြည်သူတဦးက "ညနေ ၄ နာရီခွဲ ဝန်းကျင်လောက်ထင်တယ်၊ အင်းတော် အထွက်နားလောက်မှာ သေနတ်သံတွေ ကြားရတော့ တချို့ကားတွေက ပြန်လှည့်ဖို့ တောင်လုပ်နေပြီး နောက်မှ ဆိုက်ကယ်နဲ့ လိုက်လာပြီး ပြန်သွားလို့ ရပြီးဆိုပြီး လာပြောမှ ခရီးဆက်ကြတာ။ ဂိတ်နားရောက်တော့ တဖက်မှာ သုံးယောက်၊ တဖက်မှာတယောက် သွေးတွေနဲ့ လဲနေတာ တွေ့ရတယ်” လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရတဲ့ လေးယောက်ဟာ အမျိုးသားတွေဖြစ်ပြီး အသက် ၃၀ နဲ့ ၄၀ ဝန်းကျင်တွေဖြစ်တယ်လို့ သိရပါတယ်။
အင်းတော်-နန့်စီးအောင် လမ်းအသုံးပြုနေတဲ့ ကုန်ကားဆရာတွေနဲ့ ခရီးသွားကားဆရာတွေဆီကနေ ပိုက်ဆံ မတရားကောက်ခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ ဂိတ်တွေထဲက နတ်မဟုတ်ကြီးရွာအနီးက ဂိတ်ကို လမ်းရှင်းလင်းရေးပြောက်ကျားအဖွဲ့အစည်း တဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြန်လည်ခုခံတဲ့ ဂိတ်စောင့် ဝန်ထမ်း ၄ ဦး သေဆုံးခဲ့တယ်လို့ အင်းတော် PDF က ထုတ်ပြန်ထားပါတယ်။
တခြားဂိတ်တွေ အနေနဲ့လည်း ခရီးသွား ကားဆရာတွေနဲ့ ကုန်ကားဆရာတွေဆီကနေ ဆက်လက်ပြီး မတရား ကောက်ခံနေမယ်ဆိုရင် အသက်အာမ မခံဘူးလို့ သတိပေးထားပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် (ကိုးတိုင်-ကြာအင်းဆိပ်ကြီးလမ်း) ဝိဇ္ဇာကုန်းကျေးရွာအဝင် ရွာထိပ်ဇရပ်မှာ မတ် ၁၄ ရက် မနက် ၈ နာရီကျော်လောက်က စစ်ကောင်စီရဲ့ နယ်ခြားစောင့်(BGF) တပ်ဖွဲ့ဝင် ၂ ဦးကို ဆိုင်ကယ်စီးလာတဲ့လူ ၂ ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်နဲ့ BGF တပ်ဖွဲ့တွေဟာ ကျေးရွာအဝင်ရွာထိပ်ဇရပ်မှာ ခရီးသွားယာဥ်တွေကို မတရားဂိတ်ကြေးကောက်ခံနေတာဖြစ်ပြီး အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးလာတဲ့ အမည်မသိလူ ၂ ဦးက ပစ္စတိုနဲ့ အနီးကပ်ပစ်ခတ်ခဲ့တဲ့အတွက် နေရာမှာတင်ပွဲ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝိဇ္ဇာကုန်းကျေးရွာသားတဦးက “သူတို့တွေက စစ်တပ်အားကိုးနဲ့ ကားတွေ၊ ဆိုင်ကယ်တွေဆီက ဂိတ်ကြေးဆိုပြီး ပိုက်ဆံတောင်းတယ်။ အဆင်မပြေလို့မပေးရင် ဆဲဆိုးကြိမ်းမောင်းပြီး အတင်းအဓမ္မတောင်းတယ်။ ဒီလမ်းကြောမှာ BGF ဂိတ်တွေအများကြီးဖွင့်ထားတယ်။ ခရီးသွားတွေအတွက် နေ့စဉ် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ အခုတော့ သူတို့လမ်း သူတို့ ရွေးသွားတာ”လို့ ပြောပါတယ်။
အဆိုပါ လမ်းမကြီးဟာ နယ်စပ်ဘုရားသုံးဆူမြို့အထိ သွားရောက်နိုင်သလို ဒေသထွက်ကုန်တွေကို ပို့ဆောင်ရာမှာ အဓိကအသုံးပြုနေတဲ့လမ်းဖြစ်ပြီး ခရီးသွားတွေနဲ့ကုန်တင်ယာဉ်တွေဆီကနေ ငွေကြေးတောင်းခံတဲ့အပြင် လမ်းမကြီးတလျှောက်က ကျေးရွာတွေမှာ တရားမဝင် လောင်ကစားဝိုင်းနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေကို ငွေကြေးရယူပြီး လုပ်ကိုင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။
ကော့ကရိတ်မြို့ ဒူးရင်းသီးအရောင်းအဝယ်ပြုလုပ်သူတဦးက “BGFက အခုမှမဟုတ်ဘူး။ လမ်းကြီးမဖွင့်ခင် ချောင်းကိုဝါးဖောင်နဲ့ ဖြတ်သန်းပြီး သွားလာနေရတဲ့အချိန်တည်းက ဒူးရင်းသီးသွားဝယ်တဲ့သူတွေကို အခွန်ပုံစံငွေကောက်တယ်။ ငွေပေးမှ ဖြတ်သန်းသွားလာလို့ရတယ်။ BGF တွေက ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးကြီးလို့ ဖြစ်နေတာကြာပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ BGF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ အဆိုပါ လမ်းမတလျှောက် နယ်မြေစိုးမိုးမှုရယူထားပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့အပြင် ဒေသခံတွေအပေါ် လူအခွင့်အရေးချိုးဖောက်တာတွေ မကြာခဏပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။