ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်း လျော့ကျသွားတဲ့အတွက် ရပ်ကွက်အလိုက် လော့ဒေါင်းတွေ ဖြေလျော့ပေးထားပြီး ကာစီနိုရုံတွေနဲ့ဂိမ်းဆိုင်တွေ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက "ကာစီနိုရုံတွေ၊ ဂိမ်းဆိုင်တွေဖွင့်နေပြီ၊ လာတဲ့သူလည်းများတယ်၊ ဖွင့်တာတော့ သိပ်မကြာသေးဘူး" လို့ ပြောပါတယ်။
မူဆယ်မြို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုနှုန်း မြင့်မားတာကြောင့် ဇူလိုင်လကစပြီး ရပ်ကွက်အလိုက် lock down တွေ ချထားခဲ့ရာမှ သြဂုတ် အကုန်လောက်မှာ ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိမှု နှုန်းလျော့တာကြောင့် lock down တွေ ပြန်ဖြေလျော့ထားတယ်လို့ ဆိုပါတယ်။
"မူဆယ်မြို့က အမှတ် ၁ နဲ့ ၂ စျေးမဖွင့်သေးဘူး၊ ယာယီစျေးတော့ နေရာခွဲဖွင့်ပေးထားတယ်၊ ဂိမ်းရုံတွေတော့ ပြန်ဖွင့်နေကြတယ်။ စည်ပင်ကလည်း စျေးသည်တွေကိုတော့ လိုက်ဖမ်းတယ်၊ စျေးကို မရောင်းရဘူး" လို့ စျေးသည်တစ်ဦးက ပြောပါတယ်။
မူဆယ်မြို့မှာ lock down တွေ ဖြေလျော့ပြီးနောက် ဆိုင်တွေလည်း ကိုဗစ်စည်းကမ်းနဲ့အညီ ဖွင့်နေကြပြီလို့ သိရပါတယ်။
သြဂုတ်လထိ ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာ ၁၈၀၀ ကျော် တွေ့ရှိခဲ့ပြီး အယောက် ၈၀ ကျော် သေဆုံးခဲ့ကာ ဆေးရုံမှာဆေးကုသနေသူ ၁၀၀ ဝန်းကျင်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
တောင်တွင်းကြီးမြို့၊ တောင်ပြင် ၂ ရပ်ကွက်၊ ဂိမ်းဆိုင်တစ်ဆိုင်မှာ ဂိမ်းကစားနေတဲ့ လူငယ်တွေကို မေ ၂၉ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်တပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဂိမ်းဆိုင်နဲ့ နီးစပ်သူတစ်ဦးက ''စစ်သား ၅ ယောက် ၆ ယောက်လောက်လာပြီး ကလေးတွေကို ဆိုင်ကယ်ဘောက်တွေ လှပ်ပြခိုင်းပြီး ၁၀ ယောက်ကို ခေါ်သွားတယ်။ ဘယ်ခေါ်သွားမှန်းမသိဘူး'' လို့ DVB ကို ပြောပါတယ်။
တောင်တွင်းကြီးမြို့မှာ မြန်မာ့စီးပွားရေးဘဏ် ဗုံးပေါက်မှုဖြစ်စဉ်ပြီးကတည်းက လုံခြုံရေးအင်အား ပိုမိုချထားသလို ဖမ်းဆီးမှုတွေလည်း နေ့စဉ်လိုလို ရှိနေတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။