close

ဂူဂျာရတ်ပြည်နယ်

close

October 31, 2022

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် တံတားပြိုကျပြီး လူ ၈၀ ကျော်သေဆုံး

အိန္ဒိယအနောက်ပိုင်း၊ ဂူဂျာရတ်ပြည်နယ်၊ မော်ဘီမြို့မှာ အောက်တိုဘာ ၃၀ ရက်က မာချူမြစ်ကို ဖြတ်ကူးတဲ့ လူကူးတံတားပြိုကျခဲ့ရလို့ ကလေးငယ်တွေအပါအဝင် လူရာနဲ့ချီ ရေထဲပြုတ်ကျခဲ့ပြီး အနည်းဆုံး လူ ၈၀ ကျော် သေဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အောက်တိုဘာ ၃၀ ရက်ညပိုင်းက တံတားပြိုကျချိန်မှာ မာချူမြစ်ကူး ကြိုးတံတားနားမှာ လူပေါင်း ၄၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၈၁ ဦးအထိ ရှိခဲ့တယ်လို့ အစိုးရ အရာရှိတစ်ဦးက ပြောပါတယ်။ 

အရေးပေါ်အဖွဲ့တွေဟာ လူတွေကို ကယ်ဖို့ ကြိုးပမ်းနေတုန်း ပြိုကျနေတဲ့ တံတားရဲ့ ကြိုးတွေပေါ်မှာ တွယ်ကပ်နေတဲ့ ဒါဇင်နဲ့ချီတဲ့ အလောင်းတွေကို ရုပ်သံမှာမြင်တွေ့ရပါတယ်။

အခင်းဖြစ်နေရာမှာ ကလေးငယ်တွေ အများကြီး ရှိနေခဲ့တာဖြစ်ပြီး  ထမ်းစင်ပေါ်က ကလေးငယ်တယောက်ကို  ဆေးရုံအမြန်တင်ထားတယ်လို့ မျက်မြင်သက်သေတယောက်က ပြောပါတယ်။

မီတာ ၂၃၀ ရှည်တဲ့ သမိုင်းဝင်တံတားကို ၁၉ ရာစုမှာ ဗြိတိသျှတို့ အုပ်ချုပ်ချိန်က တည်ဆောက်ခဲ့တာဖြစ်ပြီး ပြုပြင်မွမ်းမံဖို့ ခြောက်လကြာ ပိတ်ထားခဲ့ရာက ပြီးခဲ့တဲ့ သီတင်းပတ်က အများပြည်သူအတွက် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။  

မွေးရပ်ပြည်နယ် ဂူဂျာရတ်မှာ သုံးရက်ကြာ လာရောက်လည်ပတ်နေတဲ့ ၀န်ကြီးချုပ် နရင်ဒြာမိုဒီ က ကယ်ဆယ်ရေးလုပ်ငန်းအတွက်အဖွဲ့တွေကို အရေးပေါ်စည်းရုံးလုပ်ဆောင်ဖို့  ပြည်နယ်ဝန်ကြီးချုပ်ကို ညွှန်ကြားထားပါတယ်။

ပျောက်ဆုံးနေသူတွေကိုရှာဖွေဖို့ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နဲ့အတူ ရေတပ်အရာရှိ ၅၀ နဲ့ လေတပ်အရာရှိ ၃၀ ကို တံတားပြိုတဲ့ နေရာဆီ စေလွှတ်ခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဝင်ငါးဦး ပါတဲ့ အထူးအဖွဲ့တစ်ဖွဲ့ကို ခန့်အပ်ထားပါတယ်။

15 mins Ago

May 9, 2022

ပြင်းထန်သည့်အပူချိန်ကြောင့် ဂူဂျာရတ်ပြည်နယ်တွင် ရေပြတ်

အိန္ဒိယနိုင်ငံမှာ အစွန်းရောက် အပူချိန်ကြောင့် နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှာ ပြည်သူ တွေဟာ မေ ၈ ရက်က ရေပြတ်လပ်တာကို ရင်ဆိုင်နေရပါတယ်။

ရေရဖို့ အပူအောက်မှာ ၂ ကီလိုမီတာ အဝေးကို သွားပြီး ရေခပ် နေရပါတယ်။

ဒေသတွင်း ရေအရင်းအမြစ်တွေ ခမ်းခြောက်ကုန်လို့ ဂူဂျာရတ်ရဲ့ အကြီးဆုံးမြို့ အာမဒ်ဒါဘဒ် မြို့မှာ ငှက်တွေနဲ့ တိရစ္ဆာန်တွေပါ ဒုက္ခရောက်ကုန်ပါတယ်။

ပရိဟတ တိမွေးကုဆေးရုံမှာ အိမ်မွေးနဲ့ သားရိုင်းတိရစ္ဆာန်တွေ ရေဓာတ်ခန်းခြောက်တာကို ကုသပေး နေရပါတယ်။

မြို့ထဲနဲ့ ပတ်ဝန်းကျင်မှာ သဘာဝ ရေအရင်းအမြစ် မရှိတော့ဘူးလို့ ဆေးရုံ ညွှန်မှူး မောင်မီတာက ပြောပါတယ်။

“နေ့တိုင်း တိရစ္ဆာန်ကောင်ရေ ၁၀၀ လောက် ဆေးရုံရောက်နေတယ်။ ၈၀ ရာခိုင်နှုန်း လောက်က ရေငတ်လို့ ဖြစ်တာ”လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒေ့ရှ်ပြည်နယ် အဂ္ဂရာမြို့မှာလည်း အပူချိန်မြင့်လွန်းလို့ တာ့ဂျ်မဟာ အဆောက်အအုံဆီ လာတဲ့ ကမ္ဘာလှည့် ခရီးသည်တွေ ခရီးစဉ်ကို တိုတိုနဲ့ ဖြတ်နေကြပါတယ်။

ရာသီဥတု ပြောင်းလဲမှုနဲ့ နွေရာသီ စောတာတွေနဲ့ ပတ်သက်ပြီး အပူကြောင့်ဖြစ်တဲ့ သက်ရောက်မှု ကို ဒေသတွင်း လူဦးရေ သန်းတထောင်ကျော် ခံစားရလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

မတ်လနှောင်းပိုင်းကနေ ခုထိ အိန္ဒိယမှာ အပူရှပ် သံသယကြောင့် လူ အယောက် ၂ ဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။ 

6 months Ago
Up