ပဲခူးတိုင်းအနောက်ပိုင်း၊ ကြို့ပင်ကောက်မြို့အဝင် အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာရှိတဲ့ ဂိတ်စောင့်ရဲတပ်ဖွဲ့ဝင် ၁ ဦး နိုဝင်ဘာ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်လောက်က ဂျင်ကလိနဲ့ အပစ်ခံရတယ်လို့ သိရပါတယ်။
အမည်မဖော်လိုတဲ့ဒေသခံတဦးက “ဂိတ်စောင့်ရဲကို ဂျင်ကလိနဲ့ ပစ်သွားတာတဲ့။ အရေးပေါ်ကားနဲ့တင်ပြီး ဆေးရုံကိုပို့လိုက်တယ်တော့ သိရတယ်” လို့ ပြောပါတယ်။
အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့တယ်ဆိုတာတော့ ထုတ်ပြန်ကြေညာထားတာ မတွေ့ရပါဘူး။
“မြို့အဝင်ဂိတ်က လုံခြုံရေးရဲတပ်သားတစ်ဦးကို ချွန်ထက်တဲ့အရာနဲ့ ပစ်ခတ်ခံလိုက်ရတာပါ။ အသက်အန္တရာယ်စိုးရိမ်နေရပါတယ်” လို့ ကြို့ပင်ကောက်မြို့မရဲစခန်းရဲ့ တာဝန်ကျရဲတစ်ဦးက ပြောဆိုပေမယ့် ပစ်ခတ်ခံရသူရဲ့အမည်ကိုတော့ ထုတ်ဖော်ပြောကြားဖို့ ငြင်းဆိုခဲ့ပါတယ်။
ဂျင်ကလိကဲ့သို့ ချွန်ထက်တဲ့အရာနဲ့အပစ်ခံရသူ ရဲတပ်သားရရှိတဲ့ ဒဏ်ရာဟာ အသက်ရှင်ဖို့ အခွင့်အလမ်းနည်းပါးတယ်လို့ ကြို့ပင်ကောက်ပြည်သူ့ဆေးရုံနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရလို့ ဒုရဲအုပ်အဆင့်ရှိသူတဦး ဒဏ်ရာရရှိသွားတယ်လို့လည်း သိရပါတယ်။
မကွေးတိုင်း၊ မြို့သစ်မြို့နယ်ထဲက စစ်ကောင်စီခန့်ထားတဲ့ ကိုရံ(တောင်)ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဇူလိုင် ၇ ရက် ညနေ ၄ နာရီလောက်က ဂျင်ကလိနဲ့ အပစ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက ''ဂျင်ကလိနဲ့ပစ်ခံရတာဗျ။ သေတော့မသေဘူး။ မြို့သစ်ဆေးရုံကနေ အခြေအနေမကောင်းလို့ မကွေးဆေးရုံရောက်သွားပြီ။ အခုမှ စစ်ကောင်စီကခန့်လို့ အုပ်ချုပ်ရေးမှူးဖြစ်တာ။ ရွာထဲကလမ်းပေါ်မှာ အပစ်ခံရတာ ၈ ချက်လောက်တော့ရှိမယ်။ ဘယ်သူလုပ်သွားတာလည်း မသိကြဘူး။ ရွာကို စစ်ကောင်စီရဲ့ တပ်တွေရောက်လာလို့ ရွာသားတွေလည်း ကြောက်နေကြတယ်'' လို့ ပြောပါတယ်။
မြို့သစ်မြို့နယ်မှာ စစ်ကောင်စီကခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေ လုပ်ကြံခံရမှုဟာ အခု ကိုရံ(တောင်)အုပ်ချုပ်ရေးမှူးက ပထမဆုံးဖြစ်ပါတယ်။