close

ဂျနီဖာလိုပက်ဇ်

close

July 19, 2022

ဂျနီဖာလိုပက်ဇ်နှင့် ဘန်းအဖလက်ခ်တို့ လက်ထပ်ထိမ်းမြား

ရေစက်မကုန်လို့ ပြန်ဆုံကြတဲ့ အချစ်ဇာတ်လမ်းတပုဒ်အဖြစ် လူပြောများနေတဲ့ အဆိုတော် ဂျနီဖာ လိုပက်ဇ်နဲ့ သရုပ်ဆောင် ဘန်းအဖလက်ခ်တို့ လက်စ်ဗီးဂတ်စ်မှာ ထိမ်းမြားလက်ထပ်စာချုပ် ထုတ်ယူသွားတာ မှန်ကန်တဲ့အကြောင်း ဒေသအရာရှိတယောက်က ဇူလိုင် ၁၇ ရက်မှာ အတည်ပြုပါတယ်။ 

ကလာ့ခ်ကောင်တီစီရင်စုနယ်မြေရုံးမှာ လက်ထပ်စာချုပ် ဇူလိုင် ၁၆ ရက်က လာယူသွားတဲ့အကြောင်း နယ်မြေစာရေးရုံးက အွန်လိုင်းပေါ်မှာ အထောက်အထားတွေနဲ့ တကွ အသိပေးထားပါတယ်။ 

လွန်ခဲ့တဲ့ နှစ် ၂၀ က တွဲခဲ့ဖူးတဲ့ သူတို့ နှစ်ယောက် တရားဝင် လက်ထပ်စာချုပ် ချုပ်ပြီးပြီးလား ဆိုတာကတော့ လောလောဆယ်မှာ မသိရသေးပါဘူး။ 

အနုပညာရှင်တွေရဲ့ အတွင်းသတင်းတွေကို အသားပေးဖော်ပြတဲ့ TMZ ဝက်ဆိုက်နဲ့ People မဂ္ဂဇင်အပါအဝင် တခြားမီဒီယာတွေမှာတော့ သူတို့ နှစ်ယောက် တရားဝင် လက်ထပ်လိုက်ကြပြီ လို့ ရေးသားဖော်ပြနေကြပါတယ်။ 

ဘန်နီဖာ "Bennifer" လို့ နာမည်တွင်တဲ့ စုံတွဲဟာ နှစ်ပေါင်း ၂၀ ကြာအောင် ကိုယ့်လမ်း ကိုယ်လျှောက်ခဲ့ကြပြီးမှ မနှစ်က ပြန်တွဲခဲ့ကြပြီး ဒီနှစ် ဧပြီလမှာ စေ့စပ်ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်တုန်းက ဘန်းက ဂျနီဖာအတွက် ၆ ကာရတ် ကျော်တဲ့ ပန်းရောင် စိန်လက်စွပ်တကွင်းကို စေ့စပ်လက်စွပ်အဖြစ် ပေးခဲ့ပါတယ်။ 

ဒါပေမဲ့ ၂၀၀၃ ခုနှစ်မှာ မင်္ဂလာဆောင်ဖို့ သူတို့ အစီအစဉ်ကို ရုတ်တရတ် ဖျက်သိမ်းခဲ့ကြပြီး လပိုင်းအကြာမှာတော့ သူတို့ နှစ်ယောက် လမ်းခွဲခဲ့ကြပါတယ်။

5 mins Ago

January 20, 2021

အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ၌ လေဒီဂါဂါနှင့် ဂျနီဖာလိုပက်ဇ်တို့ ဖျော်ဖြေမည်

ရွေးကောက်ခံ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် မြို့တော်ဝါရှင်တန်ရှိ အောက်လွှတ်တော်အနားက ကွင်းပြင်ကြီးမှာ အမေရိကန် အလံ ၂ သိန်းလောက်ကို ဇန်နဝါရီ ၁၈ ရက်ကစပြီး စိုက်ထူထားပါတယ်။ အလံကွင်းထားတာဟာ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ရွေးထားတဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ညီညွတ်သော အမေရိကန်အတွက် အစိတ်အပိုင်းတရပ်လို့ အခမ်းအနားကျင်းပရေး ကော်မတီက ကြေညာပါတယ်။ ကမ္ဘာကျော် ပေါ့ပ်အဆိုတော် လေဒီဂါဂါနဲ့ ဂျနီဖာလိုပက်ဇ်တို့ကလည်း အခမ်းအနားမှာ ဖျော်ဖြေဖို့လည်း စီစဉ်ထားပါတယ်။ အမေရိကန်ရဲ့ ၄၆ ယောက်မြောက် ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ပထမဆုံး အမျိုးသမီး ဒုသမ္မတ ဟာရစ်တို့ဟာ အမေရိကန် အောက်လွှတ်တော်မှာ ဇန်နဝါရီ ၂၀ ရက်မှာ ကျမ်းသစ္စာ ကျိန်ဆိုမှာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခမ်းအနားတက်မယ့်သူ စာရင်းကို ကန့်သတ်ထားပြီး ပွဲစဉ် အများအပြားကို အွန်လိုင်းကနေ ကျင်းပမယ်လို့ မီဒီယာတွေက အစီရင်ခံထားပါတယ်။
1 year Ago
Up