close

ဂျပန်ကာကွယ်ရေးဝန်ကြီး

close

April 11, 2023

ထိုင်ဝမ်ကျွန်းတဝိုက် တရုတ်စစ်ရေးလေ့ကျင့်မှုအပေါ် ဂျပန်ကာကွယ်ရေးဝန်ကြီး ဝေဖန်

ထိုင်ဝမ်နိုင်ငံတဝိုက်မှာ စစ်သင်္ဘောတွေနဲ့ ဂျက်တိုက်လေယာဉ် အများအပြားပါဝင်တဲ့ တရုတ်ရဲ့ သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ ပင်လယ်နဲ့ လေကြောင်း ထိန်းချုပ်မှုကို သိမ်းပိုက်ဖို့ ခြိမ်းခြောက်တဲ့ လေ့ကျင့်မှုဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ယာစုခဇု ဟာမာဒါက ဧပြီ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။

တရုတ်စစ်တပ်ဟာ ထိုင်ဝမ်နဲ့ ဂျပန်အနောက်တောင်ပိုင်း နယ်စပ်တွေနားမှာ  စစ်ရေးလေ့ကျင့်မှုကို အဆုံးသတ်ပြီးတဲ့နောက် တစ်ရက်အကြာမှာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး “အလျှော့မပေးတဲ့ သဘောထား”ကို တရုတ်က ပြသခဲ့တယ်လို့ ဟာမာဒါက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က လော့စ်အိန်ဂျလိစ်မြို့မှာ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက်ကာသီနဲ့ တွေ့အပြီးနောက်မှာ  တရုတ်က ထိုင်ဝမ်အနားမှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာလည်း ဖြစ်ပါတယ်။

မက်ကာသီလာမတွေ့ဖို့ အမေရိကန်အစိုးရကို သတိပေးခဲ့တဲ့ တရုတ်နိုင်ငံဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို တရုတ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်ဆီ ဆောင်ကြဉ်းလာဖို့ အင်အားသုံးမယ့် နည်းလမ်းကို ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါဘူး။

6 mins Ago

May 13, 2022

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ၃ စင်း ပစ်လွှတ်စမ်းသပ်

မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံးကျည် ၃ စင်းကို တောင်ကိုရီးယားနိုင်ငံအရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်ဆီ မေ ၁၂ ရက်က ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

နိုင်ငံတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်နေတာကို ပထမဆုံး အစီရင်ခံတဲ့နေ့မှာပဲ လက်နက်အစီအစဉ်ကို အဆင့်မြှင့်နေတဲ့ အထီးကျန် မြောက်ကိုရီးယားက နောက်ဆုံးအနေနဲ့ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ် စမ်းသပ်ခဲ့တာပါ။

မြို့တော် ပြုံယမ်းရဲ့ ဆူနန်ဒေသကနေ တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၃ စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောပါတယ်။ ဒုံးကျည်တွေဟာ အမြင့်ဆုံးမြန်နှုန်း မာ့ချ် ၅ နဲ့ ၂၂၄ မိုင်အကွာကို ပျံသန်းခဲ့ပြီး အမြင့် ကီလိုမီတာ ၉၀ ထိ ရောက်ခဲ့တယ်လို့လည်း ပူးတွဲစစ်ဦးစီးချုပ်က ပြောပါတယ်။

ခုတကြိမ်ပစ်လွှတ်မှုဟာ ဒီနှစ်အတွင်း မြောက်ကိုရီးယားရဲ့ ၁၆ ကြိမ်မြောက် လက်နက်စမ်းသပ်မှုပါ။

ဒုံးကျည်ပစ်လွှတ်တဲ့နေရာဟာ နိုင်ငံတကာ လေဆိပ်ရှိတဲ့နေရာ ဖြစ်သလို မတ် ၂၄ ရက်တုန်းက သူ့နိုင်ငံရဲ့ အကြီးဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ICBM အမျိုးအစား ဖြစ်တဲ့ ဟွာဆောင် ၁၇ ကို ပစ်လွှတ်ခဲ့တဲ့နေရာလို့ မြောက်ကိုရီးယားအစိုးရက ပြောထားပါတယ်။

မြောက်ကိုရီးယားအစိုးရရဲ့ ဒုံးကျည်ပစ်လွှတ်မှုဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ ဆန့်ကျင်နေတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘုအို ခိရှိက မေ ၁၂ ရက်မှာ ပြောပြီး ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ဒုံးကျည်ဟာ မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းက ဂျပန်ပင်လယ်အတွင်း ဂျပန်ရဲ့ သီးသန့်စီးပွားရေးဇုန် အပြင်ဘက်ကို ကျရောက်ခဲ့တယ်လို့ ခိရှိက မြို့တော်တိုကျိုက သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

11 months Ago
Up