ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဖွင့်လှစ်ထားတဲ့ Spring Revolution Restaurant ဆိုင်မှာ ဂျပန်ရောက်မြန်မာလူငယ်တွေနဲ့ ဂျပန်အထက်တန်းကျောင်းသူလေးတွေ ပူးပေါင်းပြီး မြန်မာ့ နွေဦးတော်လှန်ရေးရန်ပုံငွေပွဲအဖြစ် ဩဂုတ် ၁၅ ရက်က ဂီတဖျော်ဖြေဧည့်ခံပွဲကျင်းပပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးအတွက် ထောက်ပံ့ကူညီပေးဖို့ ရည်ရွယ်တဲ့ ရန်ပုံငွေရှာပွဲမှာ ဂျပန်အထက်တန်းကျောင်းသူလေးတွေက ကမ္ဘာမကြေဘူးအပါအဝင်သီချင်း တချို့ကို တယောနဲ့ တီးခတ်ဖျော်ဖြေခဲ့ကြပါတယ်။
အသက် ၁၆ နှစ်အရွယ် ဂျပန်အထက်တန်းကျောင်းသူ ခိုခိုရိုစံက သူ့အနေ မြန်မာနိုင်ငံမှာနေထိုင်ခဲ့ဖူးပြီး သိကျွမ်းခဲ့တဲ့ သူငယ်ချင်းတွေအတွက်ကိုစိတ်ပူပန်တယ်လို့ ပြောဆိုခဲ့ပြီး လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေတွေကို ဂျပန်လူမျိုးတွေ ပိုမိုသိရှိစေဖို့ နွေဦးတော်လှန်ရေးကို တတ်နိုင်တဲ့ဘက်က အကူအညီပေးချင်လို့ အခုလို ဖျော်ဖြေတာလို့ ဒီဗွီဘီကို ပြောပြပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးကို ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ထားတဲ့ တိုကျိုမြို့၊ အီခဲဘူခုရိုရှိ Spring Revolution Restaurant ဆိုင်မှာ မြန်မာလူ ငယ်လေးတွေက လုပ်အားခမယူဘဲ အလှည့်ကျလာရောက်လုပ်အားပေးကူညီနေကြတာပါ။
ဒီစားသောက်ဆိုင်လေးကနေရတဲ့ အကျိုးအမြတ်အားလုံးကို နွေဦးတော်လှန်ရေးအတွက် ပေးပို့လှူဒါန်းနေတာ ဖြစ်တယ်လို့ ဆိုင်တာဝန်ခံ မလဲ့လဲ့လွင်က ပြောပါတယ်။
ဆိုင်တမခရိုင်မှ လာရောက်အားပေးသူ မအေးအေးမာကလည်း “ဂျပန်လူငယ်တွေရော ဂျပန်ရောက်မြန်မာလူငယ်တွေပါ ကိုယ်ရတဲ့အားလပ်ချိန်မှာ အနားမယူဘဲ အခုလို နွေဦးတော်လှန်ရေးအတွက် တစ်ဖက်တလမ်းကနေ အားကြိုးမာန်တက် လုပ်အားခ မယူ လုပ်အားပေးဆောင်ရွက်နေကြတာကို အားပေးချင်လို့ လာရောက်စားသုံးတာ”လို့ ပြောပါတယ်။
ဆိုင်အတွက် မြန်မာ အစားအစာ ဟင်းလျာတချို့ကို အလှူရှင်တွေက စေတနာနဲ့ ချက်ပြုတ် ပေးပို့ကြတာ ရှိသလို အလှည့်ကျလုပ်အားပေးလူငယ်တွေ စုစုပေါင်း အယောက် ၇၀ လောက်ရှိတယ်လို့လည်း ဆိုင်ဦးဆောင်သူတဦးဖြစ်တဲ့ ကိုမင်းသန့်က ရှင်းပြပါတယ်။
သတင်း/ဓာတ်ပုံ -ဇော်ဇော်လှိုင်