ဂျပန်ရဲ့ ခေါင်းဆောင်သစ်နဲ့အတူ အလုပ်တွဲလုပ်ဖို့ တရုတ်အစိုးရက မျှော်လင့်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက်မှာ ပြောလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ လက်ရှိအာဏာရပါတီက ဖူမိအိုခိရှိဒါ ကို ပါတီခေါင်းဆောင်အဖြစ် ရွေးကောက် တင်မြှောက်ခဲ့အပြီး သူဟာ ရက်ပိုင်းအတွင်း ဝန်ကြီးချုပ် ဖြစ်လာမှာ သေချာသလောက် ရှိနေပါပြီ။
တရုတ်-ဂျပန် ဆက်ဆံရေးဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ရေး အားပေးဖို့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ ဟွာချန်းယဉ်က မြို့တော် ပေကျင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးဟောင်း ခိရှိဒါဟာ လူကြိုက်နည်းတဲ့ ဝန်ကြီးချုပ် ယိုရှိဟိဒဲငရဲ့ နေရာကို ဆက်ခံမှာ ဖြစ်ပြီး အောက်တိုဘာ ၄ ရက် ဂျပန်လွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးချုပ် ဖြစ်လာဖို့ သေချာသလောက် ရှိနေပါတယ်။
သူ့ရဲ့ လစ်ဘရယ်ဒီမိုကရက်ပါတီဟာ အောက်လွှတ်တော်အတွင်း အမတ်နေရာ အများစုကို ရထားပါတယ်။
ခိရှိဒါက “နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ရင် ဂျပန်ဟာ အမေရိကန်နဲ့ တခြား စိတ်တူတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ တရုတ်လို အာဏာရှင်အစိုးရရဲ့ ခြေကုပ်တွေ တိုးလာတာကို ဆန့်ကျင်ပြီး ခိုင်ခိုင်မြဲမြဲ ရပ်တည်သွားသင့်တယ်”လို့ ပြောပါတယ်။