ဂျပန်နိုင်ငံရဲ့ စီးပွားရေးအပေါ် ရှုမြင်ချက်ဟာ ၂ နှစ်ကျော်ကာလအတွင်း ဇန်နဝါရီလကနေ မတ်လထဲမှာ အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိလာခဲ့တယ်လို့ အနီးကပ်စောင့်ကြည့်နေတဲ့ ဗဟိုဘဏ်စစ်တမ်းထဲမှာ ဧပြီ ၃ ရက်က ဖော်ပြထားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှု နှေးကွေးလာတာနဲ့အမျှ ပို့ကုန်အပေါ် မှီခိုနေရတဲ့ ဂျပန်နိုင်ငံရဲ့ စီပွားရေးမှာလည်း ဆိုးကျိုးသက်ရောက်ခဲ့ပါတယ်။
နှိုင်းယှဉ်ချက်အရ ဂျပန်နိုင်ငံရဲ့ ဝန်ဆောင်မှုကဏ္ဍမှာ နယ်စပ်ထိန်းချုပ်မှုတွေ ဖြေလျှော့လာသလို ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကိုပါ အဆုံးသတ်ခဲ့တာကြောင့် ခရီးသွားလုပ်ငန်းနဲ့ စားသုံးမှုကဏ္ဍတွေမှာ ပြန်လည်ကောင်းမွန်လာနိုင်တဲ့ မျှော်လင့်ချက်တွေ မြင့်တက်လာခဲ့တယ်လို့ ဂျပန်ဗဟိုဘဏ်ရဲ့ တန်ကန် အမည်ရ စစ်တမ်းထဲမှာ ဖော်ပြထားပါတယ်။
ကုန်ထုတ်လုပ်မှု ကြီးမားသူတွေရဲ့ သဘောထားအပေါ် တိုင်းတာရာမှာ ခေါင်းစီး အညွှန်းကိန်းဟာ ဒီဇင်ဘာလမှာ အပေါင်းကိန်း ၇ ရှိရာက မတ်လအရောက်မှာတော့ အပေါင်းကိန်း ၁ အထိ ကျဆင်းသွားပြီး ဒါဟာ ပျမ်းမျှဈေးကွက်ခန့်မှန်းချက်ဖြစ်တဲ့ အပေါင်းကိန်း ၃ ထက် ပိုမိုဆိုးရွားလာခဲ့တာပါ။
ဒါဟာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလကစလို့ အဆိုးရွားဆုံး အခြေအနေတခု ဖြစ်သလို စီပွားရေးယိုယွင်းလာတဲ့ ပဉ္စမမြောက် သုံးလပတ်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဝန်ဆောင်မှုကဏ္ဍရဲ့ သဘောထားအပေါ် တိုင်းတာရာမှာတော့ အညွှန်းကိန်းဟာ ဒီဇင်ဘာလမှာ အပေါင်းကိန်း ၁၉ ရှိရာကနေ စတုတ္ထမြောက် သုံးလပတ်အရောက်မှာ အပေါင်း ၂၀ အထိ အနည်းငယ် မြင့်တက်လာခဲ့တာကြောင့် ပျမ်းမျှဈေးကွက်ခန့်မှန်းချက်နဲ့ ကိုက်ညီမှု ရှိခဲ့ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဘေးက ဝန်ဆောင်မှုကဏ္ဍကို ရိုက်ခတ်ပြီး ကုန်စည်ဈေးနှုန်းတွေ တဟုန်ထိုးတက်နေတဲ့ ဖိအားအသစ်တွေကို ဖန်တီးပေးနေလို့ အခုနှစ် ပထမသုံးလအတွင်း ဂျပန်စီးပွားရေးဟာ ပထမဆုံးအကြိမ် တဝက်ထိ ကျဆင်းသွားတယ်လို့ မေ ၁၈ ရက်မှာ ထုတ်ပြန်တဲ့ ရလဒ်တွေက ဖော်ပြထားပါတယ်။
ဒါကြောင့် စီးပွားရေးက အီလေးဆွဲ ကျဆင်းသွားမှာကို စိုးရိမ်နေကြပါတယ်။ စီးပွားတိုးနှုန်း ကျဆင်းမှုဟာ ဝန်ကြီးချုပ် ဖုမိအိုခိရှိဒါ့ရဲ့ အရင်းရှင်စနစ်သစ် အစီအစဉ်အောက်မှာ ဖွံ့ဖြိုးရေးနဲ့ ဓနခွဲဝေမှု ရရှိရေး မောင်းနှင်အားအတွက် စိန်ခေါ်မှုတရပ်ပါ။ စီးပွားရေးတန့်ပြီး ငွေကြေးဖောင်းပွလာမှာကို ပိုစိုးရိမ်လာနေကြပါတယ်။
ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ဂျပန်မှာ အရင်သုံးလပတ်ကနေ ဇန်နဝါရီမှ မတ်လအထိ နှစ်စဉ် နှစ်အလိုက်နှုန်းထား ၁ ဒသမ ၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်၊ စီးပွားရေးပညာရှင်တွေ မျှော်လင့်ထားတဲ့ ၁ ဒသမ ၈ ရာခိုင်နှုန်း ကျုံ့သွားတာထက် ပိုနှေးသွားတယ်လို့ စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ကိန်းဂဏန်းတွေက ပြသထားပါတယ်။
ဒါဟာ ၃ လပတ်အတွင်း ဝ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းတာဖြစ်လို့ ဈေးကွက်ဟောကိန်း ၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းတာနဲ့ နှိုင်းယှဉ်ပြီး အစိုးရရုံး သတင်းအချက်အလက်တွေက ပြထားပါတယ်။
တိုင်းပြည်စီးပွားရေးရဲ့ တဝက်ကျော်ဖြစ်တဲ့ တဦးချင်း စားသုံးမှုနှုန်းလည်း နည်းနည်း ကျဆင်းခဲ့တာကို ဒေတာတွေက ပြထားပါတယ်။
ပြည်ပဝယ်လိုအားတွေကြောင့် တင်ပို့ကုန်ကို အားကိုးနေရတဲ့ ဂျပန်စီးပွားရေးဟာ အကူအညီ အနည်းငယ် ရခဲ့တာပါ။ ဒါကြောင့် အသားတင် တင်ပို့မှုနှင့်အတူ GDP တိုးတက်မှုနှုန်း ၀ ဒသမ ၄ ရာခိုင်နှုန်းအထိသာ ကျဆင်းခဲ့ပါတယ်။
ဂျပန်ယန်းငွေ အားပျော့နေပြီး ကမ္ဘာ့ကုန်ဈေးနှုန်းတွေ တဟုန်ထိုးတက်လာနေလို့ သွင်းကုန်တွေ ဖောင်းပွလာပြီး ပို့ကုန်အမြောက်အမြား အမြတ်ထွက်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။