အာဏာရ ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်အမတ် Mr. Hiromichi Watanabe ဦးဆောင်တဲ့အဖွဲ့က အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်နဲ့ ဩဂုတ် ၁၁ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့အပေါ် တိုကျိုမြို့က ပါတီဌာနချုပ်ရှေ့မှာ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဂျပန်လူမျိုးတွေ ဩဂုတ် ၁၇ ရက် ဒီနေ့ညနေပိုင်းက သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။
“ကျမတို့ ဒီနေ့လာဆန္ဒပြ တောင်းဆိုရတဲ့အချက်က သူတို့တွေ အကြမ်းဖက်စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့ကြတာနဲ့ပတ်သတ်ပြီး ဘာတွေဆွေးနွေးခဲ့ကြလဲ၊ နောက်ထပ်ဘာအစီအစဉ်တွေ လုပ်ကြမယ်ဆိုတာ ကျမတို့ မြန်မာပြည်သူတွေကိုရော၊ ဂျပန်ပြည်သူတွေကို အမြန် ပြန်လည်ရှင်းပြဖို့ရယ်၊ နောက်တချက်က အရင်နှစ်ထည်းက ဂျပန်လွှတ်တော် ၂ ရပ်က အာဏာသိမ်းမှုကိုရှုတ်ချပြီး စစ်ကောင်စီကို အသိအမှတ်မပြုဘူးဆိုတာနဲ့ ပြည်သူအစိုးရကို ပြန်အာဏာလွှဲဖို့ဆိုတာတွေကို အာဏာရပါတီအနေနဲ့ လက်တွေ့အကောင်အထည်ဖော်ဖို့ လာရောက်တောင်းဆိုကြတာပါ” လို့ ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ဒေါက်တာ ခင်ဇေယျာမြင့်က ဒီဗွီဘီကို ရှင်းပြခဲ့ပါတယ်။
Mr. Hiromichi Watanabe ဆီ လိပ်မူထားတဲ့ မြန်မာပြည်သူတွေသ ဘောထားနဲ့ ဆန္ဒပြတောင်းဆိုရတဲ့အကြောင်းအရာ တောင်းဆိုစာကို ပေးအပ်ရာမှာ ကိုယ်စားအဖြစ် ပါတီရုံးတာဝန်ခံအရာရှိက ရုံးအပြင်ထွက်ပြီး လက်ခံရယူခဲ့ပါတယ်။
စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့တဲ့ လွှတ်တော်အမတ် Watanabe က သူ့ရဲ့ လူမှုကွန်ရက်မှာ မြန်မာနိုင်ငံဟာ အေးချမ်းသာယာနေပြီလို့ ရေးသားထားမှုဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ နေ့စဉ်အကြမ်းဖက်သတ်ဖြတ်ခံနေရတဲ့ မြန်မာပြည်သူတွေကို မျက်ကွယ်ပြု စော်ကားရာရောက်ကြောင်း၊ အာဏာရပါတီအနေနဲ့ ဒါကို ဖြေရှင်းပေးဖို့ လိုတယ်လို့လည်း ဂျပန်ရောက်မြန်မာများကိုယ်စား တောင်းဆိုစာပေးအပ်သူ မလဲ့လဲ့လွင်က လက်ခံသူ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ တာဝန်ခံကို ပြောကြားခဲ့ပါတယ်။
လွှတ်တော်အမတ် Watanabe ဟာ မြန်မာနိုင်ငံမှ ပြန်ရောက်အပြီး သူ့ရဲ့ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ စစ်ကောင်စီခေါင်းဆောင်ကို ဝန်ကြီးချုပ်အနေနဲ့သုံးထားပြီး ကျေးဇူးတင်ကြောင်းနဲ့ ရန်ကုန်၊မန္တလေးတို့မှာ အေးချမ်းတည်ငြိမ်နေပြီလို့ ရေးသားထားပါတယ်။
အခုလို ရေးသားတဲ့အပေါ် ဆန္ဒပြပွဲမှာလာရောက်ပူးပေါင်းတဲ့ စီဒီအမ် သံအရာရှိ ဦးအောင်စိုးမိုးက “စစ်ကောင်စီ အကြိုက်လိုက်ပြီး မြန်မာပြည်သူတွေက လက်မခံတဲ့ စစ်ကောင်စီ မင်းအောင်လှိုင်ကို သူက ဝန်ကြီးချုပ်လို့ သုံးနှုန်းပြောဆိုရေးသားထားတာကလည်း မြန်မာပြည်သူတွေကို ဂရုမစိုက်တာ၊ မြန်မာ့အရေးကို အဆိပ်ထပ်ခတ်လိုက်တာလို့ ကျနော်က မြင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဆန္ဒပြပွဲဦးဆောင်အဖွဲ့ဝင်ဦးမြင့်ဆွေကလည်း “သွေးစွန်းနေတဲ့ ဒီအကြမ်းဖက်စစ်ကောင်စီကို တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး ကျနော်တို့တွေ တောင်းဆိုတာတွေကို တရားဝင် တောင်းပန် ရှင်းမပြရင် ဒီထပ်ပိုပြီး မြန်မာ့အရေးကူညီနေတဲ့ ဂျပန်လွှတ်တော်အမတ်တွေ၊ ဂျပန်အန်ဂျီအိုတွေနဲ့ ပူးပေါင်းပြီး ပြင်းပြင်းထန်ထန်တောင်းဆိုမှုတွေလုပ်သွားမယ်” လို့ ပြောပါတယ်။
ဩဂုတ် ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံခရီးစဉ်အတွင်း Mr. Hiromichi Watanabe ဦးဆောင်တဲ့ ဂျပန်လွှတ်တော်အမတ်အဖွဲ့ဟာ အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပြီး ဖမ်းဆီးခံထားရတဲ့ ဂျပန်ဒါရိုက်တာ မစ္စတာ Mr.Toru Kubota ပြန်လွှတ်ပေးရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အာဏာရ ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်အမတ် Mr. Hiromichi Watanabe ဦးဆောင်တဲ့အဖွဲ့က အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်နဲ့ ဩဂုတ် ၁၁ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့အပေါ် နွေဦးတော်လှန်ရေးအင်အားစုတွေက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံ ချစ်ကြည်မှုနဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးမြှင့်ပူးပေါင်း ဆောင်ရွက်မယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အခုလိုသွားရောက်တွေ့ဆုံခဲ့တဲ့အပေါ် ဂျပန်နိုင်ငံ နွေဦးတော်လှန်ရေးအင်အားစုတွေက ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို ရှုတ်ချကြောင်းနဲ့ အဆိုပါခရီးစဉ်နဲ့ပတ်သက်ပြီး ဂျပန်အစိုးရကို ပြင်းထန်စွာ ကန့်ကွက်ဆန္ဒပြသွားမယ်လို့ သိရှိရပါတယ်။
ဂျပန်မှာ မြန်မာအရေးဆောင်ရွက်နေတဲ့ ဦးမြင့်ဆွေက “ကျနော့်အနေနဲ့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး သုံးသပ်ရရင် နောက်ကွယ်မှာ ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌ မစ္စတာဝါတနဘဲနဲ့ Japan foundation က မစ္စတာဆဆကဝ တို့ရှိမယ်လို့ ယူဆရပါတယ်။ သူတို့ကိုယ်တိုင် မသွားဘဲနဲ့ အခုကိုယ်စားလှယ်အဖွဲ့ လွှတ်လိုက်တာလို့ အချက် ၂ ချက်နဲ့ ယူဆမိပါတယ်။ ပထမအချက်က ဂျပန်သတင်းထောက် မစ္စတာခုဘိုဒ လွတ်မြောက်ရေးအတွက် အပေးအယူ သွားညှိနှိုင်းတာ ဖြစ်နိုင်သလို ဒုတိယအချက်က နိုင်ငံတကာက လျစ်လျူရှုခံထားရတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ဂျပန်နိုင်ငံအနေနဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်စတင်မယ်လို့ ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ပြောဆိုလိုက်တာဟာ သွေးတိုးစမ်းတာလို့ သုံးသပ်ထင်မြင်မိတယ်” လို့ ဒီဗွီဘီကို သုံးသပ်ပြောဆိုခဲ့ပါတယ်။
ဂျပန်အစိုးရက ၁၉၈၉ ခုနှစ်တုန်းကလည်း ဂျပန်ဧကရာဇ်စျာပနမှာ အာဏာသိမ်းစစ်တပ် ကိုယ်စားလှယ်ဖိတ်ပြီး အသိအမှတ်ပြု ဆက်ဆံခဲ့သလို ၂၀၂၁ ခု စစ်အာဏာသိမ်းပြီးနောက် ဂျပန်နိုင်ငံရဲ့ ပထမဆုံးအနေနဲ့ သွားရောက်ခဲ့တဲ့ အာဏာရပါတီရဲ့ အဆင့်မြင့် ဂျပန်ကိုယ်စားလှယ်အဖွဲ့လည်း ဖြစ်ပါတယ်။
“မြန်မာပြည်သူတွေရဲ့ မျက်နှာမထောက် သွေးစွန်းပြီး နေ့စဉ် ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို သွားတွေ့ပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်စမယ်လို့ ဆွေးနွေးတာ အရမ်းအံအားသင့်မိတယ်။ ဒါကြောင့် အခုခရီးစဉ်အတွက်ရော နောက်ဂျပန်အစိုးရအနေနဲ့ အိုဒီအေ ပြန်စမယ့် အရိပ်အယောင်တွေ တွေ့နေလို့ ဂျပန်အစိုးရကို အိုဒီအေ ရပ်ဆိုင်းရေးအပါအဝင် စစ်ကောင်စီနဲ့ ဆက်ဆံရေးတွေ ချက်ချင်းရပ်တန့်ဖို့ ဂျပန်ရောက် ကျနော်တို့ နွေဦးတော်လှန်ရေးအင်အားစုတွေ စုပြီး တောင်းဆိုဆန္ဒပြပွဲတွေကို လုပ်ဆောင်သွားမယ်” လို့ ဂျပန်မှာ နွေဦးတော်လှန်ရေးလှုပ်ရှားနေသူတဦးဖြစ်တဲ့ ကိုသန့်ဇော်ထက်က ဒီဗွီဘီကို ပြောပါတယ်။
ဩဂုတ် ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ အဆိုပါခရီးမှာ ဩဇာကြီးတဲ့ ဂျပန်အောက်လွှတ်တော်ရဲ့ လွှတ်တော်အမတ်နဲ့ အစိုးရဝန်ကြီးဟောင်းတဦးလည်းဖြစ်တဲ့ Mr. Hiromichi Watanabe ဦးဆောင်တဲ့ ဂျပန်လွှတ်တော်အမတ်အဖွဲ့နဲ့အတူ ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ Mr. Fumio Usui လည်း အတူလိုက်ပါခဲ့တယ်လို့ သိရပါတယ်။