ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ နာရီစတိုးဆိုင်ကို မေ ၈ ရက်က ဓားပြလာတိုက်တဲ့ ဆယ်ကျော်သက် ၄ ဦးကို ဖမ်းဆီးလိုက်ကြောင်း ဂျပန်အများပြည်သူပိုင်ရုပ်သံလိုင်း NHK က ကြေညာပါတယ်။
အသက် ၁၆ နှစ်မှ ၁၉ နှစ်ကြား အမျိုးသားလေးဦးကို ရဲတပ်ဖွဲ့က လုယက်မှုနဲ့ ဖမ်းဆီးထားပါတယ်။
တိုကျိုမြို့ရဲ့ သူဌေးနယ်မြေလို့ နာမည်ကြီးတဲ့ ဂင်ဇာခရိုင်ရဲ့ မိန်းလမ်းမကြီးမှာ ဖွင့်ထားတဲ့ တန်ဖိုးကြီး ဇိမ်ခံနာရီဆိုင်တဆိုင်ကို အမျိုးသားအများအပြားက လုယက်သွားတာလို့ ဆိုပါတယ်။
ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲလောက်မှာ အမျိုးသားတွေဟာ ဆိုင်ထဲကို အလောတကြီး ဝင်သွားကြပြီး ဆိုင်ရှင်တွေကို ဓားနဲ့ခြိမ်းခြောက်ပြီးတော့ ခင်းကျင်းပြသထားတဲ့ နာရီတွေကို ခိုးယူဖို့ ရှိုးကေ့စ်တွေကိုလည်း ရိုက်ခွဲခဲ့တာပါ။
နာရီဆိုင်ကနေ ရှောင်ပြေးဖို့ အသုံးပြုတဲ့ အဖြူရောင်မော်တော်ယာဉ်ကို ၂ မိုင်လောက်အကွာက တိုကျိုတိုက်ခန်းတခန်းရှေ့မှာ ရပ်နားထားတာကိုလည်း တွေ့ရှိခဲ့ပါတယ်။
နိုင်ငံတချို့မှာ စတင်ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ မျိုးစိတ်အသစ်က ဂျပန်နိုင်ငံမှာ နဝမလှိုင်းအဖြစ် ဖြစ်ပွားလာနိုင်ပြီး အခုတကြိမ်မှာ အခြေအနေ ပိုမိုဆိုးရွားလာနိုင်ကာ ကူးစက်မှုလွယ်ကူပြီး သက်ကြီးရွယ်အိုတွေအများစု ကူးစက်ခံရရင် သေဆုံးနိုင်ကြောင်း ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျွမ်းကျင်ပညာရှင်တွေက ဧပြီ ၂၀ ရက်မှာ ဒေသတွင်း မီဒီယာတွေကို သတိပေး ပြောကြားလိုက်ပါတယ်။
ဂျပန်နိုင်ငံရဲ့ ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေက ဒသမလှိုင်းနဲ့ ပတ်သက်ပြီး စာတမ်းပြုစုနေတဲ့အချိန်မှာ ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်တွေကို ဖြေလျှော့လိုက်တဲ့ အတွက်ကြောင့် ပြီးခဲ့တဲ့ရက်သတ္တပတ်ကပဲ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံရသူတွေ မြင့်တက်လာတယ်လို့ NHK သတင်းဌာနက ဖော်ပြထားပါတယ်။
ကိုဗစ်ရောဂါ နဝမလှိုင်းဟာ ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဆောင်းရာသီမှာ စတင်ဖြစ်ပွားခဲ့တဲ့ အဋ္ဌမလှိုင်းထက် ပိုမိုဆိုးရွားလာနိုင်ပြီး သက်ကြီးရွယ်အိုတွေ သေဆုံးနိုင်တဲ့အထိ ဖြစ်ပွားနိုင်ကြောင်းကို သတိပေးချက်မှာ ဖော်ပြထားပါတယ်။
သက်ကြီးရွယ်အိုအများစုကို ကာကွယ်ဆေး ထပ်မံထိုးနှံပေးဖို့ ကျန်းမာရေးဌာနတွေကို တိုက်တွန်းထားပြီး နိုင်ငံတွင်း ကိုဗစ်ရောဂါကူးစက်မှု အခြေအနေနဲ့ ပတ်သက်ပြီး အမျိုးအစား ခွဲခြားမှုကို မေလမှာ စတင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ရောဂါကာကွယ်ရေး စီမံချက်တွေ၊ ရောဂါကန့်သတ်ချက်တွေ ပြန်လည်လုပ်ဆောင်ဖို့ ဒေသတွင်းက သူနာပြုတွေနဲ့ ဆေးဘက်ဆိုင်ရာဌာနတွေကို ကျွမ်းကျင်ပညာရှင်တွေက တိုက်တွန်းထားပြီး ကိုဗစ်ကပ်ရောဂါပိုးရဲ့ မျိုးစိတ်သစ်တွေကို ခွဲခြားမှုတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။