မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားတာကြောင့် ဂျပန်နိုင်ငံအခြေစိုက် Aeon Mall ကုမ္ပဏီက ရန်ကုန်မြို့မှာ စတင်ဖို့ ရှိနေတဲ့ ဈေးဝယ်စင်တာဆောက်လုပ်ရေးလုပ်ငန်းတွေကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
အစပိုင်းကတော့ ဒီဈေးဝယ်စင်တာဆောက်လုပ်ရေးလုပ်ငန်းတွေကို အခုနှစ်နွေရာ သီမှာ စတင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာ သိမ်းမှု နောက်ပိုင်းမှာတော့ မသေချာမရေရာမှုတွေ မြင့်တက်လာခဲ့တယ်လို့ စီမံကိန်းနဲ့ နီးစပ်တဲ့ ရင်းမြစ်တခုကို ကိုးကားပြီး ကျိုဒိုသတင်းမှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ ဂျပန်ကုမ္ပဏီအနေနဲ့ ဒီစီမံကိန်းက နုတ်ထွက်ဖို့ ဆုံးဖြတ် ထားတာမျိုး မရှိသေးပေမယ့် (မြန်မာ)နိုင်ငံရဲ့ စီးပွားရေးအခြေအနေနဲ့စားသုံးသူတွေရဲ့ ခေတ်ရေစီးကြောင်း အလိုက် လိုက်လျောညီထွေဖြစ်စေဖို့ ပြန်လည်ပြင်ဆင်မှုတွေ လုပ်ဆောင်သွားဖို့တော့ လိုအပ်တယ် လို့ အဆိုပါ ရင်းမြစ်က ဆိုပါတယ်။
Aeon Mall Myanmar ကုမ္ပဏီအမည်နဲ့လုပ်ဆောင်မယ့် ဒီလုပ်ငန်းကိုတော့ မြန်မာ နိုင်ငံဘက်က ရွှေတောင်အုပ်စုရဲ့ Shwe Taung Real Estate ကုမ္ပဏီက ဂျပန်နိုင်ငံအခြေစိုက် Aeon ကုမ္ပဏီရဲ့လက်အောက်မှာရှိတဲ့ Aeon Mall ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းပြီး တည်ဆောက်လုပ်ကိုင်သွားဖို့ သဘောတူညီခဲ့ကြတာပါ။
ရွှေတောင်က ရှယ်ယာ ၃၀ ရာခိုင်နှုန်းနဲ့ Aeon Mall က ၇၀ ရာခိုင်နှုန်း ပါဝင် ဆောင်ရွက်သွားမယ့် ဒီစီမံကိန်းမှာ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတုန်းက အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။