close

ဂျာမနီအစိုးရ

close

December 8, 2022

ဂျာမနီအစိုးရကို အကြမ်းဖက်ဖြုတ်ချရန်ကြံစည်နေသည့် ဂျာမန်စစ်တပ်အရာရှိဟောင်း ဖမ်းဆီးခံရ

ဂျာမနီအစိုးရကို အကြမ်းဖက်ဖြုတ်ချဖို့ ပြင်ဆင်နေတယ်လို့ သံသယရှိတဲ့ လက်ယာစွန်းအုပ်စုနဲ့ ဆက်နွှယ်နေတဲ့ အသက် ၆၄ နှစ်အရွယ် ဂျာမန်စစ်တပ်အရာရှိဟောင်းကို အီတလီရဲတပ်ဖွဲ့က ဒီဇင်ဘာ ၇ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။

ဒီအမျိုးသားကို ပယ်ရူဂျာမြို့အလယ်ပိုင်းက ဟိုတယ်တခုမှာ ဖမ်းဆီးခဲ့ပြီး အဖွဲ့အစည်းရဲ့ အဖျက်အမှောင့် လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို တွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သံသယရှိသူကို ဂျာမန်အစိုးရဆီ လွှဲအပ်ဖို့ လုပ်ငန်းစဉ်တွေ စနေပြီလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဂျာမနီနိုင်ငံမှာ လက်ယာစွန်း အမျိုးသားရေးဝါဒီအုပ်စုက အစိုးရကို အာဏာသိမ်းပြီး စစ်တပ်အသစ် တည်ထောင်ဖို့ စီစဉ်နေခဲ့တယ်လို့ ဂျာမန်အာဏာပိုင်တွေက ဒီဇင်ဘာ ၇ ရက်မှာ ပြောထားတာပါ။

ဂျာမနီတဝန်းမှာ ဒီဇင်ဘာ ၇ ရက်က စီးနင်းရှင်းလင်းခဲ့ရတဲ့ အာဏာသိမ်းဖို့ ကြံစည်မှုဟာ စိုးရိမ်စရာ အကြောင်းရင်းပဲလို့ ပြည်ထဲရေးဝန်ကြီး နန်စီ ဖေဆာက မြို့တော်ဘာလင်မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ ဂျာမနီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အားကောင်းတယ်လို့လည်း သူက ပြောပါတယ်။

ရိုက်စ်ဘာဂါနဲ့ ခူအန်နန် အယူဝါဒတွေပါတဲ့ ပူးပေါင်းကြံစည်မှု သီအိုရီတွေနဲ့ နိုင်ငံကို ဖြုတ်ချဖို့ ကြံစည်မှုအတွက် သံသယရှိသူ ၂၅ ဦးကို ဗုဒ္ဓဟူးနေ့ အစောပိုင်းက ဂျာမနီနိုင်ငံထဲမှာ ထိန်းသိမ်းထားပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

“စစ်သွေးကြွ ရိုက်စ်ဘာဂါအဖွဲ့ဟာ ဒီမိုကရေစီအတွက်၊ ကျနော်တို့ရဲ့ ပြည်နယ်အတွက်နဲ့ ကျနော်တို့ရဲ့ အသိုင်းအဝိုင်းကို ပံ့ပိုးပေးတဲ့လူတွေအတွက် အမုန်းပွားရင်း စည်းလုံးညီညွတ်နေကြတယ်” လို့ ဖေဆာက ပြောပါတယ်။

ဒီအဖွဲ့ဟာ အစိုးရသစ်တရပ် တည်ထောင်ဖို့ စီစဉ်နေပြီး တရားရေးဝန်ကြီး၊ ဂျာမနီ ဘွန်ဒက်စတက်အဖွဲ့ဝင်ဟောင်း ဒါမှမဟုတ် ပါလီမန်အမတ်ဟောင်းတွေလို ဝန်ကြီးဌာနတွေရဲ့ ရာထူးနေရာ အများအပြားကို လျာထားပြီးသားဖြစ်နေတယ်လို့ ဂျာမနီအစိုးရရှေ့နေ ပီတာဖရန့်ခ်က ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ဂျာမနီရဲ့ လက်ယာစွန်း AfD Alternative အတွက် လွှတ်တော်အမတ်ဟောင်း ဘျာဂစ် မယ်ဆက်ခ် ဝင်ခယ်မဲန်းလည်း ပါပြီး သူဟာ လက်ရှိ ဘာလင်ခရိုင်တရားရုံးမှာ တရားသူကြီးတဦးလည်း ဖြစ်တယ်လို့ ဂျာမန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ပြည်ထောင်စုအစိုးရရှေ့နေက ကနဦးတွေ့ရှိချက်တွေအရ ဒီအဖွဲ့ထဲမှာ စစ်ဘက်ဆိုင်ရာ လက်တံတွေလည်း ရှိနေတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ဒီစစ်တပ်ဟာ မတည်ဆောက်ရသေးတဲ့ မွေးရပ်လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်တဲ့ ဂျာမန်စစ်တပ် အသစ်ကို ထူထောင်ဖို့ ရည်ရွယ်ထားပါတယ်။ ကျနော်တို့ရဲ့ အချက်အလက်တွေအရ၊ ဒီစစ်တပ်လက်ရုံးရဲ့ အဖွဲ့ဝင်တဦးချင်းစီဟာ အရင်က ဘွန်းဒက်စ်ဝီယာ ပြည်ထောင်စု တပ်မတော်ထဲမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ဖူးတယ်” လို့ ဂျာမန်စစ်တပ်က ပြောခဲ့ပါတယ်။

13 mins Ago

September 29, 2020

နျူကလီးယားစွမ်းအင် စွန့်ပစ်ပစ္စည်းများ သိုလှောင်ရန် နေရာစာရင်း ဂျာမနီအစိုးရ ထုတ်ပြန်

ဂျာမနီအစိုးရက နျူကလီးယားစွမ်းအင် မသုံးတော့ဘဲ ရပ်တန့်ဖို့ အစီအစဉ်ရဲ့ အစိတ်အပိုင်းအနေနဲ့ ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းတွေကို သိုလှောင်ဖို့ အလားအလာရှိတဲ့ နေရာတွေ စာရင်းကို စက်တင်ဘာ ၂၈ ရက်က ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိမှာ နျူကလီးယားစက်ရုံတွေက ယာယီသိုလှောင်ရေးနေရာတွေမှာ ထိန်းသိမ်းထားတဲ့ စွန့်ပစ်ပစ္စည်းတွေကို အပြီးသတ် သိုလှောင်ရေးအတွက် ၂၀၃၁ ကနေ ၂၀၅၀ ခုနှစ်ကြားမှာ သုံးမယ့် စာမျက်နှာ ၄၄၄ မျက်နှာရှိတဲ့ စွန့်ပစ်နေရာစာရင်းကို ဂျာမန်ပြည်ထောင်စုအေဂျင်စီ (BGE) က ထုတ်ဝေဖြန့်ချိပါတယ်။ ဆက်ဇိုနီ၊ ဘာဗားရီးယား၊ ဘာဒန်ဝုဒ်တန်ဘာ့ဂ်နဲ့ အရှေ့ဂျာမနီက ပြည်နယ်တွေရဲ့ အစိတ်အပိုင်းတွေ အပါအဝင် နေရာ ၉၀ ကို နျူကလီးယား စွန့်ပစ်ပစ္စည်းတွေ သိုလှောင်ဖို့ အလားအလာရှိတဲ့ သင့်တော်တဲ့နေရာအဖြစ် တွေ့ထားပါတယ်။ ဂျာမန်ပိုင်နက် နယ်မြေ ၅၄ ရာခိုင်နှုန်းပါပြီး (BGE) က ဆောင်ရွက်တဲ့ ကနဦး မြေပုံထုတ်မှုဟာ စိတ်ကျေနပ်စရာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ နျူကလီးယား စွန့်ပစ်ပစ္စည်းတွေကို သိုလှောင်ဖို့နေရာ ရွေးချယ်ရာမှာ နိုင်ငံရေး သြဇာလွှမ်းမှုမပါဘဲ သိပ္ပံပညာကိုသာ အခြေပြုသတ်မှတ်မှာဖြစ်ပြီး စံသတ်မှတ်ချက်တွေထဲမှာ ဂရက်နိုက်ကျောက်၊ မြေသားဖွဲ့စည်းပုံ၊ ခရစ္စတယ်လိုင်း၊ ရွှံ့ကြောမြေလွှာနဲ့ ဆားပါဝင်နှုန်းတွေကို ဖော်ထုတ်ဖို့ အချိန် ၃ နှစ်ယူမယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။ ကနဦး ရွေးချယ်ထားတဲ့ ဘယ်နေရာကိုမှ မဆုံးဖြတ်ရသေးဘူးလို့ BGE ရဲ့ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့ အကြီးအကဲက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2 years Ago
Up