ဂျာမနီအမျိုးသားဘောလုံးအသင်းဟာ လာမယ့်စနေနေ့မှာ ကစားမယ့် ပီရူးအသင်းနဲ့ ချစ်ကြည်ရေးပွဲစဉ်အတွက် လေ့ကျင့်ရေးအစီအစဉ်တွေကို စတင်နေပြီဖြစ်ပါတယ်။
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရလို့ စိတ်ပျက်ခဲ့ရတဲ့ ဂျာမနီအသင်းအပေါ် ပရိသတ်တွေကတော့ လက်ခုပ်ဩဘာတီးပြီး လာရောက်တွေ့ဆုံ အားပေးနေတာကို တွေ့ရပါတယ်။
“နိုင်ငံအသင်းနဲ့ပတ်သက်လို့ ပျော်ရွှင်မှုတော့ သိပ်ကြီးကြီးမားမားတော့ မဟုတ်တော့ပါဘူး။ ကျနော့်အနေနဲ့ကတော့ အသင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက အနည်းငယ် ပြောင်းလဲလာပြီး တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ အင်တိုက်အားတိုက် ပိုပြီး ကစားလာကြမယ်လို့ မျှော်လင့်ပါတယ်” လို့ ပရိသတ်တဦးက ပြောပါတယ်။
နောက်ထပ်ပရိသတ်တဦးကလည်း “ဂျာမနီအသင်းမှာ ကောင်းမွန်တဲ့ကစားသမားတွေ ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒါက ကျနော်တို့ဖြစ်စေချင်သလိုမျိုးတော့ ဖြစ်မနေပါဘူး။ ပြီးတော့ ကစားသမားတွေဟာ တယောက်ကိုတယောက် နားလည်မှုရှိဖို့လိုပါတယ်။ တချို့ကစားသမားတွေက အခုမှ စတင်ကစားမယ့်သူတွေဖြစ်ပြီး တချို့က ငယ်ရွယ်နေကြပါသေးတယ်” လို့ ပြောပါတယ်။
အသင်းနည်းပြချုပ် ဟန်စီ ဖလစ်ခ်ကတော့ သတင်းစာရှင်းလင်းပွဲတခုမှာ အသင်းရဲ့ လူငယ်ကစားသမားတွေနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်ကို ထုတ်ဖော်ပြောဆိုထားပါတယ်။
“တကယ့်ကို အလားအလာရှိတဲ့ ကစားသမားတွေကို ကျနော်တို့ မြင်တွေ့နေရပြီး ယုံလည်း ယုံကြည်ပါတယ်။ အခု သူတို့ကို ကွင်းထဲကို ခေါ်ဆောင်သွားဖို့ မေးခွန်းထုတ်ချိန် ရောက်နေပါပြီ” လို့ ပြောဆိုခဲ့ဖူးပါတယ်။
လာမယ့်စနေနေ့မှာ ဂျာမနီအသင်းဟာ ပီရူးအသင်းနဲ့ တတိယအကြိမ် ခြေစမ်းပွဲကစားဖို့ ရှိနေပြီး လက်ရှိ ဂျာမနီအသင်းဟာ ဖီဖာရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၄ မှာ ရှိနေပါတယ်။
ခြေစွမ်းအတက်အကျနဲ့ ဂျာမနီအသင်း
ကမ္ဘာ့ဘောလုံးလောကမှာ ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလား ၄ ကြိမ် ဆွတ်ခူးထားပြီး ဘရာဇီးအသင်းပြီးရင် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ဒါကြောင့်ပဲ ကျင်းပတဲ့ ကမ္ဘာ့ဖလား အကြိမ်တိုင်းမှာ ဂျာမနီအသင်းဟာ ဗိုလ်စွဲဖို့ ရေပန်းစားလေ့ရှိပါတယ်။
ဒါပေမဲ့လည်း ၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးခဲ့တဲ့ ဂျာမနီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရသလို ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း ပြိုင်ဘက် အင်္ဂလန်အသင်းကို ရှုံးနိမ့်ပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။
ဒီ့နောက်မှာတော့ ဂျာမနီနည်းပြအဖြစ် ဂျိုအာချင်လိုးနေရာမှာ ဟန်ဆီဖလစ်ခ်ကို ခန့်အပ်ခဲ့ပါတယ်။ ဟန်ဆီဖလစ်ခ်ဟာ ဂျိုအာချင်လိုးရဲ့ လက်ထောက်အဖြစ် ၂၀၀၆ ကနေ ၂၀၁၁ ခုနှစ်အထိ တာဝန်ယူခဲ့သလို ဘိုင်ယန်မြူးနစ်အသင်းကိုလည်း အောင်အောင်မြင်မြင် ကိုင်တွယ်နိုင်တဲ့ အတွေ့အကြုံရှိသူဖြစ်တဲ့အတွက် ဂျာမနီလက်ရွေးစင် အသင်းကြီးကို ကိုင်တွယ်ဖို့ တာဝန်ပေးခံရတာပါ။
ဟန်ဆီဖလစ်ခ်လက်ထက်မှာ ဂျာမနီအသင်း တိုးတက်ခဲ့ပြီး စံချိန်တင် နိုင်ပွဲဆက်ခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်လည်း တိုက်ရိုက်ခြေစစ်ပွဲ အောင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ်အတွင်း ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေမှာတော့ ဂျာမနီအသင်း အခြေမလှခဲ့ဘဲ နိုင်ပွဲပျောက်ပြီး အီတလီနဲ့ ဟန်ဂေရီတို့ရဲ့အောက် တတိယနေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဂျာမနီအသင်းရဲ့ ခြေစွမ်းတည်ငြိမ်မှုအပေါ် သံသယဖြစ်နေကြပါတယ်။
ဂျာမနီအသင်းအတွက် ထိုးနှက်ချက်တခုကလည်း အားထားရတဲ့ တိုက်စစ်မှူး တီမိုဝါနာ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရတာပါ။ တီမိုဝါနာဟာ အင်္ဂလန်မြေမှာ ရုန်းကန်ခဲ့ရပေမဲ့ ဂျာမနီမြေကို ပြန်ရောက်ပြီး လိုက်ပ်ဇစ်အသင်းမှာ ပုံမှန်ခြေစွမ်းပြန်ရနေတာမို့ သူ မပါဝင်နိုင်တာဟာ ဂျာမနီအသင်းအတွက် ထိခိုက်ခဲ့ပါတယ်။
လက်ရှိ နည်းပြ ဟန်ဆီဖလစ်ခ် ရွေးချယ်ထားတဲ့ ဂျာမနီအသင်းမှာ နူအာ၊ ဆူလီ၊ ရူဒီဂါ၊ ကင်မစ်ချ်၊ မူလာ၊ ဂေါ့ဇီ၊ ဂိုရက်ဇ်ကာ၊ ဂန်ဒိုဂန်၊ နာဘရီ တို့လို ဝါရင့်ကစားသမားတွေပါသလို ဟာဗက်ဇ်၊ ကော့ချပ်၊ မူဆီယာလာ၊ မူကိုကို၊ အဒီယီမီ စတဲ့ လူငယ်သွေးသစ် ကစားသမားတွေလည်း ပါဝင်တဲ့အတွက် လူဟောင်း လူသစ် မျှတတဲ့အခင်းအကျင်းနဲ့ ပွဲထွက်လာဖွယ် ရှိနေပါတယ်။ ဒီအထဲမှာ အသက် ၁၉ နှစ်အရွယ် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ မူစီယာလာဟာ စောင့်ကြည့်ရမယ့် ကစားလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပြီး ဂျာမနီအသင်းရဲ့ အောင်မြင်မှုနဲ့အတူ တောက်ပလာမယ့် ကစားသမားလို့ ရှုမြင်နေကြပါတယ်။
ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလား အုပ်စု E မှာ စပိန်၊ ဂျပန်၊ ကော်စတာရီကာတို့နဲ့အတူ ကျရောက်နေပြီး နိုဝင်ဘာ ၂၃ ရက်မှာ ဂျပန်၊ နိုဝင်ဘာ ၂၇ ရက်မှာ စပိန်၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ ကော်စတာရီကာတို့နဲ့ အသီးသီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အုပ်စုအနေအထားနဲ့ ကမ္ဘာ့အဆင့်အရ ဂျာမနီအနေနဲ့ အုပ်စုကတက်ဖို့ မခက်ခဲလှဘဲ စပိန်အသင်းနဲ့သာ အုပ်စု ပထမနေရာ လုရမယ်လို့ ပြောရမှာဖြစ်ပါတယ်။
ပွဲစဉ်အနေအထားအရ ဂျာမနီအသင်းဟာ အုပ်စုပထမနဲ့ တက်မယ်ဆိုရင် ရှုံးထွက်အဆင့်မှာ တောင်အမေရိက ထိပ်သီး ဘရာဇီး၊ ကွာတားအဆင့်မှာ အာဂျင်တီးနားတို့နဲ့ တွေ့နိုင်တဲ့အတွက် နောက်ဆုံးဗိုလ်လုပွဲ တက်လှမ်းနိုင်ရေး ခြေကုန်ထုတ် ရုန်းကန်ရဖွယ် ရှိနေပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျာမနီအသင်း
ဂိုး - နူအာ (ဘိုင်ယန်မြူးနစ်)၊ တာစတီဂန် (ဘာစီလိုနာ)၊ ကီဗင်ထရပ် (ဖရန့်ဖတ်)
နောက်တန်း - သီလိုခဲရာ (ဝက်စ်ဟမ်း)၊ ဆူလီ (ဒေါ့မွန်)၊ ကလော့စ်တာမန်း (လိုက်ပ်ဇစ်)၊ ဂန်တာ (ဖရိုင်းဘတ်)၊ ဘယ်လာ ကော့ချပ် (ဆောက်သမ်တန်)၊ ရာအမ် (လိုက်ပ်ဇစ်)၊ ရူဒီဂါ (ရီးရဲလ်မက်ဒရစ်)၊ ရှလော့တာဘတ်ခ် (ဒေါ့မွန်)၊ ဂင်တာ (ဖရိုင်းဘတ်)
အလယ်တန်း - ကင်မစ်ချ် (ဘိုင်ယန်မြူးနစ်)၊ ဂေ့ါဇီ (ဖရန့်ဖတ်)၊ ဟော့ဖ်မန်း (မိုချန်ဂလာဘတ်)၊ ဂျူလီယန် ဘရန့် (ဒေါ့မွန်)၊ ဂေါ်ရက်ဇ်ကာ (ဘိုင်ယန်မြူးနစ်)၊ ဂန်ဒိုဂန် (မန်စီးတီး)၊ ဟာဗက်ဇ် (ချဲလ်ဆီး)၊ မူဆီယာလာ (ဘိုင်ယန်မြူးနစ်)
ရှေ့တန်း - ဆာနေး (ဘိုင်ယန်မြူးနစ်)၊ မူလာ (ဘိုင်ယန်မြူးနစ်)၊ နာဘရီ (ဘိုင်ယန်မြူးနစ်)၊ အဒီယီမီ (ဒေါ့မွန်)၊ မူကိုကို (ဒေါ့မွန်)၊ ဖူလ်ခရပ်ဂ် (ဝါဒါဘရီမင်)
မောင်လူစိမ်း