ရုရှားရဲ့ ကောက်ပဲသီးနှံစစ်ပွဲကြောင့် ဖြစ်လာတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းဟာ ညတွင်းချင်း ပြီးသွားမှာ မဟုတ်ဘူးလို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး အာနာလေယာ ဘယ်ယာဘော့ခ်က ကုလသမဂ္ဂ အစည်းအဝေးအတွင်း နိုင်ငံခြားရေးဝန်ကြီး အယောက် ၃၀ လောက်ကို မေ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။
"အငတ်ဘေးဆိုက်စေမယ့် အချက်အလက် အားလုံးကို ကျမတို့ အာရုံစိုက်ထားရမယ်၊ရာသီဥတု အကျပ်အတည်းကိုလည်း ကျမတို့ ကိုင်တွယ်ဖြေရှင်းရမယ်" လို့ ဂျာမနီနိုင်ငံရဲ့ ဂရင်းပါတီဝင် ဝန်ကြီးက ပြောပါတယ်။
"မိုးခေါင်တာ၊ ရေကြီးတာနဲ့ မိုးအလွန်အမင်း ရွာတာတွေကြောင့် လယ်သမားတွေ ထိခိုက်တာနည်းအောင် ကျမတို့ ကူညီရမယ်" လို့လည်း သူက ဆက်ပြောပါတယ်။
ဒီနှစ် စားနပ်ရိက္ခာ လုံခြုံရေးနဲ့ ပတ်သက်ပြီး ဂျာမန်အစိုးရဟာ ယူရိုငွေ လေးဘီလီယံ စီစဉ်ထားခဲ့တယ်၊ ဒါဟာ ပေါင်မုန့်ဈေးနှုန်း ထိုးတက်နေတဲ့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းကနေ ပေးတဲ့ ဥပမာပဲလို့လည်း သူက ပြောပါတယ်။
ကောက်ပဲသီးနှံနဲ့ ဓာတ်မြေဩဇာ ပြည်ပတင်ပို့မှုအပေါ် ဒဏ်ခတ်မှာ မဟုတ်ဘူးလို့ ပြောတဲ့ ရုရှားရဲ့ သတင်းမှားကို မယုံဖို့ကိုလည်း သူက တခြား နိုင်ငံခြားရေးဝန်ကြီးတွေကို ဆော်ဩပါတယ်။
ဘယ်ယာဘော့ခ်က စကားမပြောခင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က မိန့်ခွန်းပြောရာမှာ ယူကရိန်းရဲ့ ကောက်ပဲသီးနှံတွေနဲ့ ရုရှား ဓာတ်မြေဩဇာတွေ ပြည်ပတင်ပို့မှု ပြန်စနိုင်ဖို့ ရုရှား၊ ယူကရိန်း၊ တူရကီ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့နဲ့ အကြိတ်အနယ် ဆက်သွယ် ဆွေးနွေးနေတယ်လို့ ပြောခဲ့ပါတယ်။
ဥရောပသမဂ္ဂဟာ ရုရှားအပေါ် ဒဏ်ခတ်မှု သိသိသာသာ တင်းကျပ်မယ်လို့ ဂျာမန်နိုင်ငံခြားရေး ဝန်ကြီး အန်နာလီနာဘဲဘော့ခ်က ဧပြီ ၄ ရက်မှာ ပြောလိုက်ပါတယ်။
“ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ပုံရိပ်တွေဟာ ဒီစစ်ပွဲရဲ့ ရက်စက်တဲ့ အတိုင်းအတာသစ်ကို မီးမောင်းထိုးပြနေတယ်။ ဒါဟာ အဆိုးဆုံး စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပဲ၊ ဒါကြောင့် ဒဏ်ခတ်မှုစနစ်ထဲမှာ ကျန်နေတဲ့ ဟာကွက်တွေကို ပိတ်ရုံသာမက ဒဏ်ခတ်မှုတွေကို ပြင်းပြင်းထန်ထန် အကောင်အထည်ဖော် ဆောင်ရွက်ရလိမ့်မယ်ဆိုတာ သီတင်းပတ်ကုန်ရက်မှာ ကျနော် ရှင်းအောင်လုပ်ခဲ့ပြီးပြီ” လို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ဂျာမနီမြို့တော် ဘာလင်မှာ ပြောပါတယ်။
ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်ကျူးကျော်ခဲ့လို့ အမေရိကန်နဲ့ မဟာမိတ်တွေက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့ခဲ့အပြီး ရုရှားစီးပွားရေးဟာ ၁၉၉၁ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးချိန်တည်းက ခုထိ စိုးရိမ်စရာ အကောင်းဆုံး အကျပ်အတည်းကို ရင်ဆိင်နေရပါတယ်။