ရုပ်ပြစာအုပ်ဇာတ်ကောင် ဂျိုကာလို ဝတ်ဆင်ထားတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသား တယောက်ဟာ ဂျပန်နိုင်ငံ မြို့တော်တိုကျိုက ရထားလိုင်းပေါ်မှာ ခရီးသည်တွေကို အောက်တိုဘာ ၃၁ ရက် ညနေမှာ တိုက်ခိုက်ခဲ့လို့ လူ ၁၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ပါတီပွဲ တက်ရောက်သူ အများအပြားက ဟောလိုဝင်းပါတီအတွက် တိုကျိုမြို့လယ်ခေါင်ကို ဦးတည်သွားနေချိန်မှာ တိုက်ခိုက်ခဲ့တာလို့ မီဒီယာတွေက ဖော်ပြပါတယ်။
တိုက်ခိုက်သူလို့ သံသယရှိသူကို အခင်းဖြစ်ရာ နေရာမှာတင် ရဲတွေက ဖမ်းခဲ့တယ်လို့ မီဒီယာတွေက ဆိုပါတယ်။
အသက် ၆၀ ကျော် အရွယ် အမျိုးသားတယောက် ဓားနဲ့ ထိုးခံရလို့ သတိလစ်နေပြီး အသည်းအသန် အခြေအနေမှာ ရှိနေကာ တိုက်ခိုက်သူဟာ ရထားပတ်လည်ကို အရည်တမျိုးနဲ့ ဖြန်းပြီး မီးရှို့ ခဲ့တယ်လို့ မီဒီယာက ပြောပါတယ်။
လူတွေ ရထားတွဲ တတွဲထဲကနေ ထွက်ပြေးလာပြီး စက္ကန့်ပိုင်းအတွင်း မီးလောင်ခဲ့တဲ့ ရုပ်သံ တခု တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပျံ့နေပါတယ်။
ရထားကအရေးပေါ် ရပ်တန့်ခဲ့အပြီး ပြတင်းပေါက်တွေကနေ ရထားစင်္ကြံပေါ်ကို လူတွေ အတင်း တိုးထွက်နေတဲ့ ရုပ်သံကိုလည်း တွစ်တာပေါ်မှာ တွေ့ရပါတယ်။
ပထမတော့ ဟောလိုဝင်း စတန့် လုပ်နေတယ်လို့ထင်ခဲ့ပြီး နောက်မှ သွေးပေနေတဲ့ ဓားရှည်ကို ဖြည်းဖြည်းချင်း ယမ်းနေတဲ့ အမျိုးသား တယောက်ကို မြင်ခဲ့တယ်လို့ မျက်မြင်သက်သေ တယောက်က ဂျပန်အခြေစိုက် ယိုမိအုရိ သတင်းစာကို ပြောပါတယ်။
ကမ္ဘာ့လူအစည်ကားဆုံး ဘူတာ ရှင်းဂျုခုရဲ့ ခေးအိအို အမြန်ရထားလိုင်းမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တာဖြစ်ပြီး ရထားဝန်ဆောင်မှုကို တနင်္ဂနွေ နှောင်းပိုင်းမှာ ဆိုင်းငံ့ ထားခဲ့ရပါတယ်။
ဂျပန်နိုင်ငံမှာ အောက်လွှတ်တော် ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်တွေ မဲရုံတွေဆီ သွားနေချိန်မှာ ခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။