အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ နိုင်ငံရဲ့ သေနတ်ကိုင်ဆောင်မှု အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းတဲ့ ဖက်ဒရယ်ဥပဒေပြဋ္ဌာန်းဖို့ မတ် ၂၈ ရက်မှာ အမေရိကန် လွှတ်တော်အမတ်တွေကို ဆက်လက်တောင်းဆိုခဲ့ပါတယ်။
တန်နက်ဆီပြည်နယ် နက်ရှ်ဗီးလ်မြို့က ကျောင်းတကျောင်းမှာ ကျောင်းသား ၃ ဦးနဲ့ ဝန်ထမ်း ၃ ဦး အသတ်ခံရပြီး နောက်တရက်မှာပဲ ထပ်ပြီး တောင်းဆိုတာပါ။
သေနတ်ကိုင်ဆောင်မှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် သူ့ရဲ့ အုပ်ချုပ်မှုအာဏာကို အပြည့်အဝ အသုံးပြုထားပြီး ကွန်ဂရက်လွှတ်တော်မှာ ကျိုးကြောင်းဆီလျော်စွာ လုပ်ဆောင်ဖို့ ပန်ကြားရုံမှတပါး တခြား ဘာကိုမှ မလုပ်နိုင်တော့ကြောင်း ဘိုင်ဒင်က အိမ်ဖြူတော် တောင်ဘက် မြက်ခင်းပြင်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဘိုင်ဒင်က ချေမှုန်းရေးလက်နက်တွေ တားမြစ်ချက်ကို ပြန်လည်ချမှတ်ဖို့ ကွန်ဂရက်ကို အကြိမ်ကြိမ် တိုက်တွန်းခဲ့တာပါ။
၁၉၉၄ ခုနှစ်က ကွန်ဂရက်လွှတ်တော်ဟာ ချေမှုန်းရေးလက်နက်တွေ ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ ကန့်သတ်ချက်တွေကို ပြဋ္ဌာန်းခဲ့တုန်းက အကြမ်းဖက် ပစ်ခတ်မှုတွေ ကျဆင်းသွားတယ်လို့ ဘိုင်ဒင်က သတင်းထောက်တွေကို ပြောခဲ့ပြီး ၁၀ နှစ်အကြာမှာတော့ ပိတ်ပင်မှု သက်တမ်းကုန်ဆုံးခဲ့ပါတယ်။
အခုနောက်ဆုံး ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နက်ရှ်ဗီးလ်မြို့ကို သွားရောက်ဖို့ စဉ်းစားနေပြီး ပစ်ခတ်မှုနဲ့ပတ်သက်လို့ နက်ရှ်ဗီးလ်မြို့တော်ဝန်နဲ့ ရဲချုပ်အပြင် တန်နက်ဆီပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ်နှစ်ဦးကိုလည်း စကားပြောဆိုခဲ့ကြောင်း ဘိုင်ဒင်က ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သေနတ်ဝယ်ယူသူတွေအတွက် နောက်ခံစစ်ဆေးမှုကို အားကောင်းခိုင်မာစေမယ့် အုပ်ချုပ်ရေးအမိန့်တရပ်ကို မတ် ၁၄ ရက်က ထုတ်ပြန်ခဲ့ပြီး အိမ်ဖြူတော်ကလည်း ဒီအမိန့်ဟာ ကွန်ဂရက်လွှတ်တော်မပါဘဲ သမ္မတက ပြဋ္ဌာန်းနိုင်တဲ့ အပြည့်စုံဆုံး မူဝါဒအဖြစ် အားပေးထောက်ခံခဲ့ပါတယ်။
ဒီအမိန့်ဟာ ပြည်နယ် ၁၉ ခုနဲ့ ကိုလံဘီယာခရိုင်တို့မှာ အတည်ပြုထားတဲ့ အလံနီဥပဒေလို့ သိကြတဲ့ သေနတ်အကြမ်းဖက်မှုကာကွယ်ရေး ဥပဒေတွေကို ဖက်ဒရယ်ထောက်ခံမှု အားကောင်းစေဖို့လည်း ရည်ရွယ်ထားပါတယ်။
အလံနီဥပဒေဟာ သူတို့ကိုယ်တိုင် သို့မဟုတ် တခြားသူတွေကို အန္တရာယ်ရှိတယ်လို့ တရားဝင် မှတ်ယူထားတဲ့လူတွေကို သေနတ်ရောင်းချမှုကို ရပ်တန့်ဖို့ ရည်ရွယ်ထားတာပါ။
သမ္မတ ဘိုင်ဒင်ဟာ အရွယ်မရောက်သေးသူတွေ အပါအဝင် သေနတ်ထုတ်လုပ်သူတွေက လက်နက်တွေကို ဘယ်လိုရောင်းချနေတယ် ဆိုတာတွေကို လေ့လာဆန်းစစ်ပြီး ဖက်ဒရယ်ကုန်သွယ်မှုကော်မရှင်ကို တောင်းဆိုတဲ့ အုပ်ချုပ်ရေးအမိန့်ကို မြှင့်တင်ဆောင်ရွက်ဖို့အတွက် တရုတ်နှစ်သစ်ကူး အခမ်းအနားအတွင်း လူ ၁၁ ဦး သေဆုံးခဲ့တဲ့ မွန်တေရီပန်းခြံကို သွားရောက်ခဲ့ပါတယ်။
အဲဒီပွဲကို တက်ရောက်လာတဲ့ အသက် ၂၆ နှစ်အရွယ် ဘရန်ဒွန်ဆေးဟာ မွန်တေရီပန်းခြံ သေနတ်သမားကို လက်နက်မဲ့သွားအောင် လုပ်ဆောင်နိုင်ခဲ့သူဖြစ်ပြီး သူ့ကို ကယ်လီဖိုးနီးယားပြည်နယ် အယ်လ်ဟမ်ဘရာမြို့မှာ ရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။
အမေရိကန်မှာ တနှစ်ကို သေနတ်ကြောင့် သေဆုံးမှု ၄၀,၀၀၀ ကျော် ရှိနေတာနဲ့အတူ ဘိုင်ဒင်ဟာ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ပိုပြီးတက်ကြွတဲ့ သေနတ်ထိန်းချုပ်မှုကို လက်ခံရရှိလိမ့်မယ်လို့ မဲဆန္ဒရှင်တွေကို လောင်းကြေးထပ်ထားပါတယ်။
ရီပတ်ဘလစ်ကန်တွေကလည်း ၂၀၂၄ မှာ ဒီမိုကရက်တစ် ဘိုင်ဒင်ကို စိန်ခေါ်နိုင်မယ့် သူတို့ပါတီရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ကြိုးပမ်းနေတာဖြစ်ပြီး အမျိုးသားရိုင်ဖယ်အသင်း NRA လိုမျိုး သြဇာကြီးတဲ့ အဖွဲ့တွေကနေ ကျောထောက်နောက်ခံပြုထားတဲ့ ပိုပြီးကျယ်ပြန့်တဲ့ သေနတ်အခွင့်အရေးကို ထောက်ခံဖို့ ဖြစ်ပါတယ်။