ကျူးဘားနိုင်ငံအတွင်း ပြတ်လပ်မှုတွေကို ကာမိစေဖို့ ဂျုံတန်ချိန် ၂၅၀၀၀ ခွဲကို အရေးပေါ်အလှူဒါနအနေနဲ့ ရုရှားအစိုးရက ဖေဖော်ဝါရီ ၁၅ ရက်မှာ ပေးပို့လိုက်ပါတယ်။
ဒါဟာ ကာလကြာရှည် မဟာမိတ် ၂ နိုင်ငံကြား ဆက်ဆံရေး နက်ရှိုင်းလာတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။
ဂျုံတွေကို လွှဲပေးချိန်မှာ ကျူးဘား နိုင်ငံခြားကုန်သွယ်ရေး ဒုဝန်ကြီး အန်နာ တေရေစီတာ ဂွန်ဒါလဲ့ဇ်ကို ကျူးဘားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အန်ဒရေ ဂုစ်ကို့ဗ်က နှုတ်ဆက်ခဲ့ပါတယ်။
ကျူးဘားမှာ အစိုးရက အမတော်ကြေးပေးတဲ့ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ပေါင်မုန့်လုပ်ရာမှာသုံးတဲ့ ဂျုံတွေကို လှူဒါန်းတာဟာ ကျူးဘားနဲ့ ရုရှားကြား နောက်ဆုံးကမ်းလှမ်းချက် လက္ခဏာလည်း ဖြစ်ပါတယ်။
ယူကရိန်းပဋိပက္ခကြောင့် အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ ရုရှားဟာ အမေရိကန်ရဲ့ လွှမ်းမိုးကြီးစိုးမှုကို ဆန့်ကျင်တဲ့ တခြားနိုင်ငံတွေနဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး အားဖြည့်ဖို့ ကြိုးစားနေပါတယ်။
ကျူးဘားနိုင်ငံဟာ ကက်စထရို ဦးဆောင်တဲ့ ကွန်မြူနစ်တော်လှန်ရေးအပြီး ၁၉၆၂ ခုနှစ် တည်းက အမေရိကန်ရဲ့ စီးပွားရေးဒဏ်ခတ်တာကို ခံနေခဲ့ရတာပါ။
ကျူးဘားကျွန်းဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ အမေရိကန်ရဲ့ ကာလကြာရှည် ဒဏ်ခတ် ပိတ်ဆို့ထားမှုတွေကြောင့် ဖြစ်လာတဲ့ ဘက်ပေါင်းစုံ အကျပ်အတည်းကို တွေ့ကြုံနေရလို့ ရုရှားအစိုးရနဲ့ ပြည်သူတွေကို အထူးကျေးဇူးတင်ပါတယ်လို့ ဒုဝန်ကြီး ဂွန်ဇာလဲ့က အခမ်းအနားအပြီး ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ကျူးဘားသမ္မတ မစ်ဂယ် ဒီယက်ဖ် ကန်နယ်တို့ဟာ ရုရှားမြို့တော် မော်စကိုမှာ နိုဝင်ဘာလတုန်းက ကျူးဘားတော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကက်စထရိုအတွက် အထိမ်းအမှတ် အဆောက်အအုံကို ဖွင့်လှစ်ခဲ့ပြီး အမေရိကန်က သူတို့နှစ်နိုင်ငံစလုံးအပေါ် ပိတ်ဆို့အရေးယူတာကို ရင်ဆိုင်နေရချိန်မှာ ချစ်ကြည်ရင်းနှီးမှု တိုးမြင့်လာစေဖို့ ကတိပြုခဲ့ကြပါတယ်။
ယူကရိန်းပဋိပက္ခ အစောပိုင်းမှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ဈေးနှုန်းတွေ မြင့်တက်ခဲ့လို့ ကျူးဘားမှာ ပေါင်မုန့်တွေ ပြတ်လပ်ခဲ့တဲ့အတွက် ဂျုံတန်ချိန် ၂၀,၀၀၀ ကို ရုရှားက ကျူးဘားဆီကို ဧပြီလမှာ တင်ပို့ခဲ့ပါတယ်။