အမေရိကန် အမျိုးသား အာကာသသိပ္ပံ (နာဆာ)က သူတို့ရဲ့ ပထမဆုံး စွမ်းဆောင်မှု အနေနဲ့ ဂျူပီတာဂြိုလ်လို့ ခေါ်တဲ့ ကြာသပတေးဂြိုလ်က နေကိုပတ်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ဂြိုလ်သိမ်တွေကို လေ့လာဖို့ ကြီးမားတဲ့ အာကာသယာဉ် ၂စီးကို အောက်တိုဘာ ၁၆ ရက်မှာ လွှတ်တင်ခဲ့ပါတယ်။
အဲဒီ အာကာသ ကျောက်ခဲ အစုအဝေးကြီး နှစ်ခုဟာ နေအဖွဲ့အစည်းရဲ့ အပြင်ဘက်က ဂြိုလ်တွေ ထဲမှာ ဖွဲ့စည်းနေတဲ့ ကမ္ဘာဦး အမှုံ အကြွင်းအကျန်တွေလို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။
လူစီလို့ နာမည်ပေးထားတဲ့ အာကာသ စုံစမ်းလေ့လာရေးခရီးစဉ်အတွက် အာကာသယာဉ်ကို ဖလော်ရီဒါပြည်နယ် ကိတ်ပ် ကာနာဗေရယ် လေတပ် အခြေစိုက်စခန်းကနေ လွှတ်တင်လိုက်တာပါ။
ဒီအာကာသယာဉ်ကို ဘိုးရင်းနဲ့ လော့ခ်ဟိဒ် မာတင်ကော်ပိုရေးရှင်းတွေက ပူးတွဲ တည်ဆောက်ထားတဲ့ United Launch Alliance (UAL) ရဲ့ အတ္တလတ်စ်ဖှိုက် ဒုံးပျံနဲ့ လွှတ်တင်ခဲ့တာလို့ နာဆာက ပြောပါတယ်။
အချိန် ၁၂ နှစ်အတွင်း ဂြိုလ်သိမ်ဂြိုလ်မွှား အများအပြားကို စံချိန်တင် လေ့လာဖို့ ရည်မှန်းထားပါတယ်။
ထရိုဂျန် ဂြိုလ်သိမ်ဂြိုလ်မွှားတွေလို့ လူသိများတဲ့ ဒီဂြိုလ်သိမ်စုဟာ အချင်း မိုင် ၁၄၀ ကျယ်တယ်လို့ ယုံကြည်ကြပါတယ်။
လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄ ဒသမ ၅ ဘီလီယံအတွင်း နေအဖွဲ့အစည်းထဲမှာ ဂြိုလ်တွေ ဘယ်လို ဖွဲ့စည်း ဖြစ်ပေါ်လာတယ်ဆိုတဲ့ သဲလွန်စ အသစ်ကို ရဖို့ လူစီ အာကာသယာဉ်ဟာ ဂြိုလ်သိမ် ၇ လုံး ရဲ့ အနားကို အနီးကပ် ပျံသန်းမယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်ထားပါတယ်။
ကာဗွန်ဒြပ်ပေါင်းတွေ ကြွယ်ဝတယ်လို့ ယုံကြည်ရတဲ့ ဂြိုလ်သိမ်တွေဟာ ကမ္ဘာပေါ်က သက်ရှိတွေနဲ့ အော်ဂဲနစ် ပစ္စည်းတွေရဲ့ မူလအစအတွက် အသိအမြင်သစ်တွေ ပေးကောင်းပေးမယ်လို့လည်း သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။