မန်ယူနည်းပြတန်ဟတ်ဂ်ဟာ ဘရန်ဖို့ဒ်နဲ့ပွဲမှာ ပွဲထွက်လူစာရင်း မှားယွင်းရွေးချယ်ခဲ့တယ်လို့ ဂျေမီရက်ဒ်နက်က ဝေဖန်ပါတယ်။
မန်ယူအသင်းဟာ ပထမပိုင်း မပြီးခင်မှာပဲ ဘရန့်ဖို့ဒ် အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။ စကိုင်းစပေါ့ရဲ့ ဘောလုံးကျွမ်းကျင်သူအဖြစ် တင်ဆက်နေတဲ့ အင်္ဂလန်ကွင်းလယ်လူဟောင်း ရက်ဒ်နက်ကတော့ မန်ယူအသင်းရဲ့ရှုံးပွဲဟာ နည်းပြတန်ဟတ်ဂ်ရဲ့ လူထုတ်ပုံမှားယွင်း ခဲ့ခြင်းကြောင့်ဖြစ်တယ်လို့ အပြစ်တင်သွားခဲ့တာပါ။
အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့တစ်ပတ်က နောက်ချန်တိုက်စစ်မှူးနေရာမှာကစားခဲ့ပြီး ဒီပွဲမှာတော့ ကွင်းလယ်ခံစစ်ကစားခဲ့ရလို့ သူ့အတွက် အဆင်မပြေကြောင်း ရက်ဒ်နက်ကပြောပါတယ်။
ဒါ့အပြင် နောက်ခံလူသစ် မာတီနက်ဇ်ဟာလည်း ပရီးမီးယားလိဂ်မှာ အံမဝင်သေးကြောင်း၊ နည်းစနစ်ကောင်းလို့ ကွင်းလယ်လူကောင်း တယောက် ဖြစ်နိုင်ပေမဲ့ ကောင်းမွန်တဲ့ ဗဟိုခံစစ်မှူး ဖြစ်လာမယ်လို့တော့မထင်ကြောင်း လီဗာပူးနဲ့စပါး အသင်းတွေမှာ ကစားခဲ့ဖူးသူ ရက်ဒ်နက်က သုံးသပ်သွားပါတယ်။