close

ဂျေရုဆလင်

close

February 12, 2023

ဂျေရုဆလင်တွင် ပါလက်စတိုင်း ၁ ဦး ကားဖြင့် ဝင်တိုက်သဖြင့် ၂ ဦး သေဆုံး

အစ္စရေးသိမ်းပိုက်ထားတဲ့ ဂျေရုဆလင်မြို့ ဆင်ခြေဖုံးရှိ ရာမော့ဒေသဘတ်စ်ကား မှတ်တိုင်ရှေ့မှာ ပါလက်စတိုင်း ယာဉ်မောင်းတစ်ဦးက သူ့ကားနဲ့ ဝင်တိုက်မှုကြောင့် ဖေဖော်ဝါရီ ၁၀ ရက်က ကလေးတစ်ဦး အပါအဝင် လူနှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေး အရေးပေါ်ဌာနတွေက ပြောကြားခဲ့ပါတယ်။ 

ကားတိုက်မှုကြောင့် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအပြင် အသက် ၂၀ အရွယ် အမျိုးသား တစ်ဦးလည်း သေဆုံးခဲ့ပါတယ်။ 

ဒီဖြစ်ရပ်မှာ ၆ နှစ်သား ကလေးရဲ့ အစ်ကိုဖြစ်သူမှာ ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း အစ္စရေးရဲ့ ချန်နယ် ၁၂ သတင်းဌာန က ပြောကြားခဲ့ပါတယ်။

ယာဉ်မောင်းဟာ အခင်းဖြစ်ပွားရာနေရာမှာပဲ ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောပါတယ်။ 

ပစ်သတ်ခံရသူဟာ အရှေ့ဂျေရုဆလင်ရှိ အစ်ဆာဝီယာမှာ နေထိုင်သူ အသက် ၃၁ နှစ်အရွယ် ဟူစိန် ကရာကား ဖြစ်ကြောင်း အစ္စရေးလုံခြုံရေး အရာရှိတစ်ဦးက ဖော်ထုတ်ခဲ့ပါတယ်။ 

ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုကတော့ ဒီအဖြစ်အပျက်ကို အကြမ်းဖက်တိုက်ခိုက်မှု တစ်ခု အဖြစ် ဖော်ပြခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေကို အင်အားဖြည့်တင်းဖို့ အမိန့်ပေးခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ကို အုပ်ချုပ်နေတဲ့ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီတိုက်ခိုက်မှုကို သူရဲကောင်းဆန်တဲ့ စစ်ဆင်ရေးတစ်ခုအဖြစ် ချီးကျူးပြောဆိုခဲ့ပေမယ့် သူတို့မှာ တာဝန်ရှိတယ်လို့ မပြောခဲ့ပါဘူး။ 

ပြီးခဲ့တဲ့လက ဂျူးဘုရားကျောင်း အပြင်ဘက်မှာ လူ ၇ ဦးကို သေနတ်သမား ၁ ဦးတည်းက လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး နောက် အစ္စရေးမှာ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက် နေချိန်မှာပဲ အခုဖြစ်ရပ် ပေါ်လာရပြန်တာပါ။

အစ္စရေးတပ်ဖွဲ့ဝင်တွေကလည်း သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ လတ်တလောလတွေ အတွင်း နေ့စဉ်နီးနီးလောက် ဝင်ရောက်စီးနင်းပြီး ရာနဲ့ချီတဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ပါလက်စတိုင်း စစ်သွေးကြွတွေနဲ့ သွေးထွက်သံယို ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတာပါ။

အခုနှစ်အတွင်း သေနတ်သမားတွေနဲ့ အရပ်သားတွေ အပါအဝင် ပါလက်စတိုင်း အနည်းဆုံး ၄၂ ဦး သေဆုံးခဲ့ပါတယ်။ 

2 hours Ago

November 23, 2022

ဂျေရုဆလင်ရှိ ဘတ်စ်ကားမှတ်တိုင်တွင် ပေါက်ကွဲမှုဖြစ်ပြီး လူ ၁ ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရ

ဂျေရုဆလင်မြို့ ဆင်ခြေဖုံးရှိ ဘတ်စ်ကားမှတ်တိုင်မှာ နိုဝင်ဘာ ၂၃ ရက်က ပေါက်ကွဲမှု ၂  ခု ဖြစ်ပွားခဲ့လို့ လူ ၁ ဦး သေဆုံးပြီး ၁၅ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောပါတယ်။

မြို့အထွက်ပေါက်နားက ဘတ်စ်ကားဂိတ်မှာ ထားရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် ကနဦး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မိနစ် ၃၀ လောက်အကြာမှာ မြို့အရှေ့ဘက်ရှိ နောက်ထပ် ဘတ်စ်ကားမှတ်တိုင်တခုမှာ ဒုတိယပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Eli Levi က ပထမဆုံး ပေါက်ကွဲမှုဟာ အားကောင်းတဲ့ ဖောက်ခွဲရေးပစ္စည်းကြောင့်ဖြစ်ကြောင်း စစ်တပ်ရေဒီယိုကို ပြောကြားခဲ့ပါတယ်။

ဒါဟာ ပါလက်စတိုင်း စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုလို့ အစ္စရေးရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ပထမပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးကို ဆေးရုံပို့ပေးခဲ့ရပြီး အနည်းဆုံး ၂ ဦးဟာ ဒဏ်ရာပြင်းထန်ကြောင်း ကျန်းမာရေးဝန်ဆောင်မှုဌာနက ပြောပါတယ်။

ဒုတိယပေါက်ကွဲမှုမှာ လူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးလူနာတင်ယာဉ်ဝန်ဆောင်မှုနဲ့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲက တဦးကတော့ ဆေးရုံမှာ သေဆုံးသွားတယ်လို့ ရှားရီ ဇီဒခ် ဆေးဘက်ဆိုင်ရာဌာနက ပြောပါတယ်။

ဂါဇာရှိ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်မှ ပြောရေးဆိုခွင့်ရှိသူကတော့ ဂျေရုဆလင် ဗုံးခွဲမှုကို ချီးကျူးပြောဆိုခဲ့ပေမဲ့ တာဝန်ခံ ပြောဆိုမှုတော့ မရှိပါဘူး။

3 months Ago
Up