close

ဂျော်ဒန်ဆန္ဒပြပွဲ

close

December 17, 2022

ဂျော်ဒန်ဆန္ဒပြပွဲအတွင်း ရဲ ၁ ဦး သေဆုံး

ဂျော်ဒန်နိုင်ငံမှာ လောင်စာဆီဈေးနှုန်း ကြီးမြင့်မှုကို ဆန့်ကျင်သပိတ်မှောက်ရာကနေ ဒီဇင်ဘာ ၁၅ ရက်က ညတွင်းချင်း နိုင်ငံတဝန်း ဆန္ဒပြမှုတွေဖြစ်ပွားပြီး ရဲ ၁ ဦး သေဆုံးခဲ့ပြီးနောက်မှာ လုံခြုံရေးကို ပိုတင်းကျပ်မယ်လို့ ပြည်ထဲရေးဝန်ကြီး မာဇံဖှာရာယဲက ဒီဇင်ဘာ ၁၆ ရက်  သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

အစိုးရဟာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို ခွင့်ပြုခဲ့ပေမယ့် ဒီဇင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့တဲ့ အစိုးရနဲ့ ပုဂ္ဂလိကပိုင်ပစ္စည်းတွေကို ဖျက်ဆီးတဲ့ ဆူပူအုံကြွမှုတွေကိုတော့ သည်းမခံနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ 

ဂျော်ဒန်နိုင်ငံသားတွေဟာ ဒီဇင်ဘာ ၁၆ ရက်က ထိုင်သပိတ်တွေ ကျင်းပခဲ့ကြပြီး တက်ကြွ လှုပ်ရှားသူတွေက လူနေမှုစရိတ်ထဲကနေ ထပ်ညှစ်ထုတ်နေတဲ့ လောင်စာဆီဈေး မြင့်တက်မှုနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ ထပ်လုပ်ကြဖို့ကို တောင်းဆိုခဲ့ကြကြောင်း မျက်မြင်သက်သေတွေနဲ့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

လောင်စာဆီဈေးကြီးမြင့်မှုကို ဆန့်ကျင်ကန့်ကွက်ပြီး ဒီဇယ်ဈေးလျှော့ပေးဖို့ တောင်းဆိုတဲ့ ထရပ်ကား ယာဉ်မောင်းတွေက ကြိုးကြားကြိုးကြား သပိတ်မှောက်ခဲ့ပြီးနောက်မှာ မားန်မြို့နဲ့ အထူးသဖြင့် ဂျော်ဒန်တောင်ပိုင်းရှိ မြို့အများအပြားမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်က လမ်းမတွေ ငြိမ်သက်သွားပေမယ့် သောကြာနေ့ဝတ်ပြုချိန်ပြီးနောက် မားန်မြို့ရဲ့ အဓိကဗလီနဲ့ မြို့တော် အံမ်မန်ရှိ ဗလီရှေ့မှာဆန္ဒပြမှုတွေ ဆက်ဖြစ်ပွားခဲ့ပါတယ်။ 

အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေဟာ ညတွင်းချင်းပဲ အံမ်မန်၊ ဇာခါ၊ အာဘစ်ဒ်နဲ့ တခြားမြို့တွေမှာ ခဲနဲ့ပေါက်ကြတဲ့ လူငယ်အများအပြားကို လိုက်ရှာခဲ့ပါတယ်။ 

ပြည်ထဲရေးဝန်ကြီး မာဇံဖှာရာယဲက အဓိကရုဏ်းသမားတွေဟာ ပြည်သူပိုင်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာ၊ နိုင်ငံပိုင်အဆောက်အအုံတွေကို ဖျက်ဆီးတာနဲ့ နိုင်ငံအနှံ့ အဝေးပြေး လမ်းမကြီးတွေကို ပိတ်ပြီး ကားတာယာတွေကို မီးရှို့ခဲ့ကြောင်း ပြောပါတယ်။

ဒေသအများအပြားမှာ အင်တာနက်ဝန်ဆောင်မှုတွေ နှေးကွေးနေပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက် တွေ့ကြောင်း ဗီဒီယိုဖိုင်တွေကို တက်ကြွလှုပ်ရှားသူတွေ မျှဝေလေ့ရှိတဲ့ လူမှုမီဒီယာ ပလက်ဖောင်းတွေကို အနှောင့်အယှက်ကြုံရတယ်လို့ အင်တာနက်အသုံးပြုသူတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ 

သပိတ်မှောက် ထရပ်ကားသမားတွေရဲ့ တောင်းဆိုမှုတွေကို စစ်ဆေးပေးဖို့ အစိုးရက ကတိပြုထားပါတယ်။

ဒါပေမဲ့ အခုနှစ်မှာ စက်သုံးဆီဈေးနှုန်းတွေကို ကန့်သတ်ဖို့ ဒေါ်လာ သန်း ၇၀၀ ကျော် ပေးဆောင်ထားပြီးသားဖြစ်ကြောင်းနဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ သဘောတူညီချက်ကို ချိုးဖောက်တာကို ရှောင်ရှားချင်တယ်ဆိုရင်တော့ ဒီထက်ပိုပြီး မလုပ်နိုင်ဘူးလို့ ပြောပါတယ်။ 

3 mins Ago
Up